မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ အမေရိကန်ဒေါ်လာ ၂ ဒသမ ၅ သန်းကို (၄)ကြိမ်မြောက် ထုတ်ရောင်း

မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ အမေရိကန်ဒေါ်လာ ၂ ဒသမ ၅ သန်းကို (၄)ကြိမ်မြောက် ထုတ်ရောင်း

မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ သြဂုတ် ၉ ရက်က အမေရိကန်ဒေါ်လာ ၂ ဒသမ ၅ သန်းကို (၄)ကြိမ်မြောက် ထုတ်ရောင်းရာ လေလံအတွက်   ပျမ်းမျှငွေလဲလှယ်နှုန်းကို အမေရိကန်တစ်ဒေါ်လာလျှင် ငွေကျပ် ၁၆၄၆   ကျပ်   သတ်မှတ်ထားကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ သိရသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ သြဂုတ်လ၏   ပထမဆုံး ဘဏ်ဖွင့်ရက်ဖြစ်သော သြဂုတ် ၂ ရက်က အမေရိကန်ဒေါ်လာသိန်း ၃ဝ ရောင်းချခဲ့ပြီး ပျမ်းမျှငွေ လဲလှယ်နှုန်းမှာ ငွေကျပ် ၁၆၄၇ ကျပ်ဖြစ်ကြောင်း၊ သြဂုတ်  ၃ ရက်က အမေရိကန်ဒေါ်လာ သိန်း ၂ဝ ကို ပျမ်းမျှငွေလဲလှယ်နှုန်း ငွေကျပ် ၁၆၅ဝ ဖြင့် ရောင်းချခဲ့ကြောင်းနှင့်  သြဂုတ် ၄ ရက်က အမေရိကန်ဒေါ်လာ သိန်း ၃ဝ ကို ပျမ်းမျှငွေလဲလှယ်နှုန်း ငွေကျပ် ၁၆၄၇ ကျပ်ဖြင့် ရောင်းချခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ် အနေဖြင့် ကာလတိုအတွင်း နိုင်ငံခြားငွေ လဲလှယ်နှုန်း အတက်၊ အကျကြီးမားခြင်းကို လျော့နည်းစေရန်နှင့် နိုင်ငံတော်၏ နိုင်ငံခြားသုံးငွေ သီးသန့်အရန်ငွေ ဖြည့်တင်းရန် နိုင်ငံခြားငွေ ဈေးပြိုင်လေလံကို ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။

ငွေကြေးဈေးကွက်အတွင်း ဖြစ်ပေါ်နေသည့် ငွေလဲလှယ်နှုန်းမှာ   ဖေဖော်ဝါရီလက   အမေရိကန်ဒေါ်လာ တန်ဖိုးအမြင့်ဆုံးအဖြစ်    အမေရိကန်တစ်ဒေါ်လာလျှင် ငွေကျပ် ၁၃၄၅ ကျပ်သာရှိသော်လည်း ဇူလိုင်လက ငွေကျပ် ၁၆၇၄ ကျပ်အထိ မြင့်တက်ခဲ့သည်။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့်  ဖေဖော်ဝါရီလမှ ဇူလိုင်လအထိ ခြောက်လအတွင်း အမေရိကန်ဒေါ်လာ ၉၃ ဒသမ ၈ သန်းအထိ ထုတ်ရောင်းထားကြောင်း သိရသည်။

လက်ရှိတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ဈေးပြိုင်လေလံအတွက် စည်းမျဉ်း၊ ညွှန်ကြားချက်များကို ထုတ်ပြန်ထားပြီး ထိုသတ်မှတ်ချက်များအတိုင်း AD လိုင်စင်ရ နိုင်ငံပိုင်ဘဏ် သုံးခု၊ ပုဂ္ဂလိကဘဏ် ၁၉ ခုနှင့်   နိုင်ငံခြားပိုင်ဘဏ်  ၁၃  ခုတို့က  နိုင်ငံခြားငွေ   ဝယ်ခြင်း၊   ရောင်းခြင်း ဆောင်ရွက်နေကြောင်း သိရသည်။

ယခုလအတွင်း စုစုပေါင်း အမေရိကန် ဒေါ်လာ   ၁ဝ၅   သိန်း ရောင်းချခဲ့ပြီးဖြစ်ကြောင်း ဇူလိုင်လကလည်း ဘဏ်ဖွင့်ရက်များတွင် နေ့စဉ်နီးပါး ရောင်းချခဲ့ရာ စုစုပေါင်း အမေရိကန်ဒေါ်လာ သိန်း  ၃၉ဝ ရောင်းချခဲ့ကြောင်း သိရသည်။