မြန်မာ့ဆေးနည်းတိုများ

မြန်မာ့ဆေးနည်းတိုများ

အကိုက်အခဲရောဂါ

ပူလျှင်ဖြစ်သော အကိုက်အခဲရောဂါနှင့် အေးလျှင်ဖြစ်သော အကိုက်အခဲရောဂါ၊ အကြောတက်အကိုက်အခဲရောဂါဟူ၍ အမျိုးမျိုး ရှိသည်။

-           ချင်းခြောက်အမှုန့်နှင့်လင်းနေအမှုန့်ကို နှစ်ဆ တစ်ဆ(နှစ်အချိုးတစ်) ရောစပ်ပြီး ရေနွေးပူပူ သို့မဟုတ် အရက်ဖြင့် ဖျော်စပ် လိမ်းပါက အကိုက်အခဲရောဂါ အမျိုးမျိုးကို သက်သာစေသည်။

-           မိဿလင်ဥအစို သို့မဟုတ် အခြောက်မှုန့်ကို အဝတ်ပါးဖြင့်ထုပ်ပြီး ရေနွေးငွေ့ဖြင့် ကြပ်ထုပ်ထိုးပေးပါ။

-           ငရုတ်ကောင်း၊ ပိတ်ချင်း၊ ချင်းခြောက် သုံးမျိုးကို အမှုန့်ပြုလုပ်၍နှမ်းဆီ သို့မဟုတ် မုန်ညင်းဆီဖြင့် ဆူအောင်ချက်ပြီး လိမ်းပေးပါက အေးသောရာသီတွင်ဖြစ်သော အကိုက်အခဲကို သက်သာစေသည်။

-           တောင်တန်ကြီး၊ တောင်တန်ကတိုး၊ ကရမက်တို့ကို သွေးပြီးလိမ်းပေးပါက ပူသောရာသီတွင်ဖြစ်သော အကိုက်အခဲကို သက်သာစေသည်။

-           ဆေးအိုးပုတ်ပင်ကိုပြုတ်ပြီး အရည်ကိုအကြမ်းပန်းကန် တစ်လုံးခန့်သောက်ပေးပါက အလုပ်ပင်ပန်း၍ဖြစ်သော ကိုယ်လက် ကိုက်ခဲသောရောဂါကို သက်သာစေသည်။

-           နနွင်းမှုန့်ကို ပျားရည်နှင့်တေ၍ ရွေးကြီးစေ့ခန့်အလုံးပြုလုပ်ပြီးနှစ်လုံး၊ သုံးလုံးခန့်စားပေးပါ။ အကိုက်အခဲရောဂါ အမျိုးမျိုး အတွက်သက်သာစေသည်။

-           ကြက်သွန်ဖြူကို မီးဖုတ်၍စားပေးပါက လေသက်ပြီး အကိုက်အခဲကို သက်သာစေသည်။

-           (စုတ်ထိုးဆေး)ရှေးလူကြီးများသည် မခံမရပ်နိုင်အောင် ကိုက်ခဲလျှင်စုတ်ထိုးဆေးကိုအသုံးပြုကြသည်။ ကြက်မောက်ဆူး ပြန်ဆားကို သံပရာရည်နှင့်ဖျော်၍ စုတ်ထိုးပေးသော် အကိုက်အခဲများ သက်သာစေသည်။ (တစ်နည်း) ငဖြူကြီးပင်၏ အစေးနှင့် ရှိန်းခိုကိုရောသွေး၍ စုတ်ထိုးပေးလျှင် အကိုက်အခဲသက်သာစေသည်။

-           ကိုယ်ရံကြီးဂမုန်းပင်၏ အရွက်ကို မီးကင်ပြီး အရည်ညှစ်ယူ၍ အရက်ပြန်နှင့်ဖျော်ကာ စုတ်ထိုးပေးပါ။ ခြေ၊ လက်၊ ပေါင်၊ ဒူးမခံမရပ် နိုင်အောင်   ကိုက်ခဲသောဝေဒနာကို   သက်သာစေသည်။   ။

ကြည်လွင်မြင့်(မုဒြာ)