မြဝတီမြို့၌ လက်နက်/ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများ၊Drone များဖမ်းဆီးရမိ

မြဝတီမြို့၌ လက်နက်/ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများ၊Drone များဖမ်းဆီးရမိ

နေပြည်တော်၊ ဇူလိုင် ၁၄

မြန်မာနိုင်ငံအတွင်း အကြမ်းဖက်လုပ်ဆောင်သူများနှင့် NLD ပါတီဝင်များ၊ ၎င်းပါတီအား ထောက်ခံအားပေးသူများ အနေဖြင့် အချို့မြို့ကြီးများ၌ အစိုးရ၏ အုပ်ချုပ်မှုယန္တရားကို ပျက်ပြားစေရန် ရည်ရွယ်ချက်ဖြင့် အပြစ်မဲ့ပြည်သူများအား ဒလန်ဟုစွပ်စွဲ သတ်ဖြတ်ခြင်း၊ စာသင်ကျောင်းများအပါအဝင် အစိုးရပိုင်အဆောက်အဦ များအား မီးရှို့ဖျက်ဆီးခြင်းများနှင့် ဖောက်ခွဲဖျက်ဆီးခြင်းလုပ်ငန်းများ ဆောင်ရွက် လျက်ရှိရာ COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှု များပြားနေသည့် ယခုကာလ အတွင်း၌လည်း ပြည်သူများပိုမိုအထိတ်တလန့် ဖြစ်စေရန်အတွက် ဖောက်ခွဲဖျက်ဆီးခြင်း စသည့် အကြမ်းဖက်လုပ်ရပ်များအား ဆက်လက်လုပ်ဆောင်လျက်ရှိသည်။ ထိုသို့ အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်များ ဖြစ်ပွားမှုမရှိစေရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင် များက လိုအပ်သည့် စုံစမ်းဖော်ထုတ်မှုများ ဆောင်ရွက်ကာ အကြမ်းဖက်သမားများ၏ လက်နက်၊ ခဲယမ်းများ၊ ဖောက်ခွဲရေးပစ္စည်းများနှင့် ဆက်စပ်ပစ္စည်းများကို ဖော်ထုတ် သိမ်းဆည်းလျက်ရှိသည်။

ထိုသို့ဆောင်ရွက်လျက်ရှိရာ ၂၀၂၁ခုနှစ်၊ ဇွန်လ ၂၆ ရက် နေ့လည်ပိုင်းတွင် မြဝတီမြို့၊ အမှတ်(၄)ရပ်ကွက်၊ ဇော်ဂျီလမ်းသွယ်၊ (၁)လမ်း၌ ဖောက်ခွဲရေး ပြုလုပ် သူများ ရောက်ရှိနေကြောင်းသတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များမှ သွားရောက်ဖမ်းဆီး ခဲ့ရာ ကောင်းမြတ်သူ(၃၅)နှစ်၊ ရွှေစိုး(၃၂)နှစ်၊ ရန်လင်းအောင်(၂၄)နှစ်၊ နန္ဒာစိုး(၃၁)နှစ်၊ နှင်းရီရီလွင်(၂၄)နှစ်နှင့် နှင်းနုထား(၃၂)နှစ်တို့ ၆ ဦးအား GLOCK အမျိုးအစား ၉ မမ ပစ္စတို ၁ လက်၊ ၎င်းကျည် ၁၉ တောင့်၊ ပွိုင့်-၂၂ ကျည် ၄၂ တောင့်၊ ယမ်းကြိုး ၈၀ ချောင်း၊ Drone ၂ စင်း၊ လက်လုပ်မိုင်းပြုလုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်း များအား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်တရားခံ ဟိန်းထက်(ခ)ကြုတ်ကြုတ်(၂၈)နှစ်အား ဇွန် ၂၈ ရက်တွင် မြဝတီမြို့၌ ထပ်မံဖမ်းဆီးရမိခဲ့သည်။
ဖမ်းဆီးရမိတရားခံ ကောင်းမြတ်သူအား စစ်ဆေးမေးမြန်းချက်အရ ၎င်းသည် ဗုံးများအား ဖုန်းဖြင့် ချိတ်ဆက်ဖောက်ခွဲရာတွင် အသုံးပြုသည့် Switch ခလုတ်များအား ရန်လင်းအောင်၊ နန္ဒာစိုးတို့နှင့်အတူ စမ်းသပ်တီထွင် ပြုလုပ်နေသူတစ်ဦးဖြစ်ပြီး Switch ခလုတ်များအတွက် လိုအပ်သောပစ္စည်းများအား ဖောက်ခွဲရေးလုပ်ငန်းများအတွက် အားပေးထောက်ခံသူ စောမြဦး(မဲဆောက်)နှင့် ချိတ်ဆက်မှာယူ၍ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

ထို့အပြင် ပေါက်ကွဲစေတတ်သော ဗုံးသီးများ သယ်ဆောင်နိုင်သည့် Drone များအား ရန်လင်းအောင်၊ နန္ဒာစိုး တို့နှင့်အတူ စမ်းသပ်တီထွင်မှုများ ပြုလုပ်ခဲ့ပြီး အောင်မြင်မှုမရှိသေးကြောင်းနှင့် လိုအပ်သောပစ္စည်းများအား ထိုင်းနိုင်ငံသို့ ရောက်ရှိ နေသော စည်သူဝင်း ထံမှ ချိတ်ဆက်မှာယူ၍ လိုအပ်သော ငွေကြေးများအား ဆွီဒင် နိုင်ငံသို့ ရောက်ရှိနေသော ကိုမျိုးမှ ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရသည်။

သို့ဖြစ်ပါ၍ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကို ထိခိုက်ပျက်ပြားအောင် အဖျက်အမှောင့်လုပ်ငန်းများ လုပ်ဆောင်ရန်နှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များအား တိုက်ခိုက်ရန် လုပ်ဆောင်မည့် တရားခံ ၇ ဦးအားပစ္စတိုသေနတ် ၁ လက်၊ ၉ မမကျည် ၁၉ တောင့်၊ ပွိုင့်-၂၂ ကျည် ၄၂ တောင့်၊ ယမ်းကြိုး ၈၀ ချောင်း၊ Drone ၂ စင်း၊ လက်လုပ်မိုင်းပြုလုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများနှင့် အတူ ဖမ်းဆီးနိုင်ခဲ့ပြီး ၎င်းတို့အား ဥပဒေအရ ထိရောက်စွာ အရေးယူနိုင်ရေး ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ဆက်စပ်တရားခံများအား အမြန်ဆုံး ဖမ်းဆီးရမိရေးအတွက် ၎င်းတို့ပုန်းခိုရာနေရာများ၊ လှုပ်ရှားသွားလာနေထိုင်မှု သတင်းများ ရရှိပါက သက်ဆိုင်ရာသို့ လျှို့ဝှက်စွာ သတင်းပေးနိုင်ကြားနိုင်ပါကြောင်းနှင့် မြို့ရွာများ အမြန်ဆုံး အေးချမ်းတည်ငြိမ်ရေးအတွက် ပြည်သူတစ်ရပ်လုံး ပူးပေါင်းပါဝင် ကြိုးပမ်း ဆောင်ရွက်နိုင်ပါရန် မေတ္တာရပ်ခံအပ်ပါကြောင်း အသိပေးသတင်းထုတ်ပြန်အပ်ပါသည်။