မြိတ်မြို့နယ်နှင့် ကော့သောင်းမြို့နယ်များအတွင်း မူးယစ်ဆေးဝါးသယ်ဆောင်လာသူ များဖမ်းဆီးရမိ

နေပြည်တော်၊ ဧပြီ - ၃

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်လျက် ရှိသောပူးပေါင်းအဖွဲ့သည် အေပြီ ၂ ရက် ညနေ ၆ နာရီခွဲခန့်တွင် မြိတ်မြို့၊ ကန်ကြီးရပ်ကွက်၊ ကမ်းနားလမ်း၊ ကဏန်းရပ်ထုလမ်းဆုံအနီး၌ မသင်္ကာဖွယ်ရာ အမျိုးသား ၃ ဦး တွေ့ရှိသဖြင့် ခေါ်ယူစစ်ဆေးရာ သိန်းအောင်ကျော်၊ (ဘ)ဦးသာထွန်း၊ ထွန်းထွန်းဝင်း(ဘ)ဦးမောင်လှညွှန့်နှင့် မျိုးဝင်း(ဘ)ဦးကိုစောယဉ် တို့အား မူးယစ်ဆေးဝါးများနှင့်ပတ်သက်၍ ဖမ်းဆီးရမိခဲ့ပြီး ၎င်းတို့ထွက်ဆိုချက်အရ ယနေ့နံနက် ၁ နာရီခန့်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက မြိုတ်တောင်ကျေးရွာအုပ်စု၊ ချမ်းမြေ့သာယာရပ်ကွက်ရှိ မောင်မောင်(ဘ) ဦးကျော်စွာအောင်နေအိမ်သို့ သွားရောက် ရှာဖွေစစ်ဆေးရာ ၎င်းအား WYစာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၁၁၀၀၀၀ ပြား (ခန့်မှန်းတန်ဖိုးငွေကျပ် သိန်း ၃၀၀၀ ကျော်) အား တွေ့ရှိသိမ်းဆည်း ရမိခဲ့သည်။

အလားတူ ကော့သောင်းမြို့၊ ပိတောက်ရွှေဝါရပ်ကွက်၊ ဗိုလ်ချုပ်လမ်းရှိ အဝိုင်း ပတ်လမ်းဆုံ၌ လုံခြုံရေးဆောင်ရွက်နေသည့် ပူးပေါင်းအဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် ယာဉ်ဝင်/ထွက်မှုများစစ်ဆေးဆောင်ရွက်စဉ် ကော့သောင်းမြို့၊ ရွှေဇင်ယော်ရပ်ကွက် ဘက်မှ မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်တစ်စီးအား စစ်ဆေးရန်ရပ်တန့် ခိုင်းစဉ် ရပ်တန့်ခြင်းမရှိဘဲ မောင်းနှင်ထွက်ပြေးသွားသဖြင့် လိုက်လံဖမ်းဆီးရာ ပိတောက်ရပ်ကွက်၊ မြို့နယ်စီမံအုပ်ချုပ်ရေးရုံးရှေ့၌ ဖိုးဝ(ခ)ညီညီဇော်(ဘ)ဦးကျော်ညွှန့် အား WY စာတန်းပါစိတ်ကြွရူးသွပ်ဆေးပြား ၉၇၅၀ ပြား (ခန့်မှန်းတန်ဖိုး ငွေကျပ်သိန်း ၂၀၀ ကျော်)နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

အဆိုပါ ဖမ်းဆီးရမိသူများနှင့် မူးယစ်ဆေးဝါးများအား သက်ဆိုင်ရာသို့ စနစ် တကျလွှဲပြောင်းအပ်နှံသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။