မြို့နယ်အချို့၌   ဆူပူဆန္ဒပြသူများအား လူစုခွဲရှင်းလင်းခဲ့ပြီး ပါဝင်သူအချို့အား ဆူပူဆန္ဒပြရာတွင်အသုံးပြုသည့် ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိ

နေပြည်တော်၊ မေ ၁၅

    ၂၀၂၁ ခုနှစ်၊ မေလ ၁၅ ရက်နေ့တွင် မြို့နယ်အချို့၌   ဆူပူဆန္ဒပြသူများအား လူစုခွဲရှင်းလင်း ခဲ့ပြီး ပါဝင်သူအချို့အား ဆူပူဆန္ဒပြရာတွင် အသုံးပြုသည့် ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

    ဖြစ်စဉ်မှာ မေလ ၁၅ ရက်နေ့ နံနက် ၈ နာရီအချိန်တွင် တောင်ကြီးမြို့၊ ညောင်ဖြူစခန်း ရပ်ကွက်၊ အနောက်မြို့ပတ်လမ်းနှင့် ရတနာသီရိလမ်းသွယ် ၄ ၌ ဦးဆောင်သူ(စိစစ်ဆဲ) ဆူပူဆန္ဒပြသူ အင်အား(၄၀)ဦးခန့်မှ ဆူပူဆန္ဒပြနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်း အဖွဲ့က အဆိုပါအခြေအနေအား ထိန်းသိမ်းနိုင်ရေး သွားရောက် လူစုခွဲခြင်းများ ဆောင်ရွက်ခဲ့ရာ နံနက် ၈ နာရီခွဲအချိန်တွင် လူစုကွဲသွားခဲ့ပြီး ဆူပူဆန္ဒပြရာတွင် ပါဝင်သူ ကျော်ကျော်လင်း(ခ) အငယ်ကောင် (၂၄)နှစ်(ဘ)ဦးကြည်စိုးပါ အမျိုးသား ၅ ဦးနှင့် အမျိုးသမီး ၂ ဦးတို့ အား ဖမ်းဆီးရမိခဲ့ပြီး ဆူပူ ဆန္ဒပြရာတွင်အသုံးပြုသည့် ပစ္စည်းများအား သိမ်းဆည်းရမိခဲ့သည်။

    အလားတူ နံနက် ၉ နာရီ ၅ မိနစ်အချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်းမြို့နယ်၊ အမှတ်(၁၄)ရပ်ကွက်၊ မိုးကောင်း ကားမှတ်တိုင်အနီး၌ ဦးဆောင်သူ(စိစစ်ဆဲ) ဆူပူဆန္ဒပြသူ အင်အား (၂၀)ဦးခန့်မှ ဆူပူဆန္ဒပြနေကြောင်း သတင်းအရ လုံခြုံရေး တပ်ဖွဲ့ဝင်များက သွားရောက် ထိန်းသိမ်း ဆောင်ရွက်ခဲ့ပြီး အဆိုပါ ကားမှတ်တိုင်အနီးမှ ဆူပူဆန္ဒပြရာတွင်ပါဝင်သူ လှိုင်သာယာမြို့နယ်၊ အမှတ် (၂၃)ရပ်ကွက်နေ ကျော်သူရ(၂၆)နှစ်(ဘ)ဦးလှမြင့်ပါ ၁၁ ဦးအား ဖမ်းဆီးရမိခဲ့သည်။

    အဆိုပါဆူပူဆန္ဒပြမှုဖြစ်စဉ်များတွင် ဖမ်းဆီးရမိသူများအား ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။