မြို့နယ်အချို့၌ ဆူပူအကြမ်းဖက်မှုလုပ်ရပ်များတွင် အသုံးပြုမည့် လက်နက်၊ ပစ္စည်း၊ ကိရိယာများအား လက်ဝယ်ထားရှိသူများနှင့်အတူ ဆက်လက်ဖော်ထုတ်ဖမ်းဆီး

နေပြည်တော်၊ မေ ၂၃
    
လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ဆူပူအကြမ်းဖက်မှုလုပ်ရပ်များတွင် အသုံးပြုမည့် လက်နက်၊ ပစ္စည်း၊ ကိရိယာများအား ပြုလုပ်သူ၊ လက်ဝယ်ထားရှိသူများအား ဆက်လက်ဖော်ထုတ်ထိန်းသိမ်း လျက်ရှိရာ မေလ ၂၂ ရက် မွန်းလွဲ ၂ နာရီခွဲခန့် တွင် ဧရာဝတီတိုင်းဒေသကြီး၊ ရေကြည်မြို့နယ်၊ အသုတ်မြို့ (၅)ရပ်ကွက်နေ ဦးမြဦး(စိစစ်ဆဲ)၏ နေအိမ်သို့ လုံခြုံရေးတပ်ဖွဲ့ဝင်များက သတင်းအရ  ဝင်ရောက် ရှာဖွေရာ ဦးမြဦး၏ ဇနီးဖြစ်သူ ဒေါ်မြတ်မွန်ကြူ(ခ)ခင်နှင်းသက်(၅၀)နှစ် (ဘ)ဦးကိုသန်း အား တွေ့ရှိထိန်းသိမ်းပြီး နေအိမ်အတွင်းမှ ဆူပူအကြမ်းဖက်ရာတွင် အသုံးပြုသည့် နိုင်ငံတော် ဆန့်ကျင်ရေးစာသားပါ ဗီနိုင်း ၃ ခု၊ ဓားရှည် ၁ ချောင်း၊ သံပိုက်ဖြင့် ပြုလုပ်ထားသည့် ဒူးလေး ၁ လက်၊ မြှားတံ ၂၅ ချောင်းတို့အား သိမ်းဆည်းရမိခဲ့သည်။ 
    
အလားတူ ည ၆ နာရီခွဲအချိန်တွင် နေပြည်တော်၊ ပြည်ထောင်စုနယ်မြေ၊ ပျဉ်းမနားမြို့ ရွှေချီရပ်ကွက် "ရွှေစံ" လက်ဘက်ရည်ဆိုင်၌ ဖောက်ခွဲရေး ပစ္စည်းများထားရှိကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့က သွားရောက်စစ်ဆေးရာ ဆိုင်ပိုင်ရှင်ဖြစ်သူ နေထွဋ်ခေါင်စံ(၁၉)နှစ် (ဘ)ဦးဉာဏ်ထွန်းအောင်အား တွေ့ရှိထိန်းသိမ်းပြီး ဆိုင်အတွင်းမှ အကြမ်းဖက်မှုလုပ်ရပ်များတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ၊ ဖောက်ခွဲရေးပစ္စည်းများ ဝယ်ယူရာတွင် ရေးသားထားသောစာရွက် ၁ ရွက်တို့နှင့်အတူ သိမ်းဆည်းရမိခဲ့သည်။
    
အထက်ပါဖြစ်စဉ်များမှ ဆူပူအကြမ်းဖက်ရာတွင် အသုံးပြုမည့် လက်နက်၊ ပစ္စည်း၊ ကိရိယာ များအား လက်ဝယ်ထားရှိသူများနှင့် သိုဝှက်သိမ်းဆည်းထားရှိသူများအား ဥပဒေနှင့်အညီ အရေးယူ နိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။