မြို့နယ်အချို့၌ ဆူပူအကြမ်းဖက်မှုလုပ်ရပ်များတွင် အသုံးပြုမည့် လက်နက်၊ ပစ္စည်း၊ ကိရိယာများအား ဆက်လက်ဖော်ထုတ်သိမ်းဆည်းရမိ

နေပြည်တော်၊ မေ ၁၉
    
လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ဆူပူအကြမ်းဖက်မှုလုပ်ရပ်များတွင် အသုံးပြုမည့် လက်နက်၊ ပစ္စည်း၊ ကိရိယာများအား  ဆက်လက်ဖော်ထုတ်သိမ်းဆည်းရမိလျက်ရှိရာ မေလ ၁၈ ရက်နေ့ နံနက် ၁၁ နာရီ ၁၅ မိနစ်ခန့် တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၊ ဆင်အင်းကျေးရွာရှိ ဦးမိုးအောင်(စိစစ်ဆဲ)ပိုင်ဆိုင်ပြီး လူနေထိုင်ခြင်းမရှိသည့် နေအိမ်အတွင်း၌ အဆိုပါကျေးရွာနေ ဇာနည်အောင်(ခ) အတာ(၃၄)နှစ် (ဘ)ဦးဆိတ်အောင်အား ဂျင်ကလိများ ပြုလုပ်နေသည်ကို တွေ့ရှိရပြီး ၎င်းအနီးမှ ဂျင်ကလိ ၃၃ ချောင်း၊ သံချောင်း ၁၀ ချောင်းနှင့်ဆက်စပ်ပစ္စည်းများအား သိမ်းဆည်းရမိခဲ့သည်။
    
အလားတူ မွန်းလွဲ ၁ နာရီခွဲခန့်တွင် ဧရာဝတီတိုင်းဒေသကြီး၊ အင်္ဂပူမြို့နယ်ရှိ နယ်မြေရဲစခန်းတွင်  ရာဇသတ်ကြီးပုဒ်မ ၅၀၅-က အမှုဖွင့်ခံထားရသည့် ကြံတောစုကျေးရွာနေ စည်သူကျော်(၃၄)နှစ် (ဘ)ဦးလှကြိုင်ပိုင်ဆိုင်သော နေအိမ်၌ လေသေနတ်များ သိမ်းဆည်းထား ကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ခြံစောင့် ဖြစ်သူ တစ်ရွာတည်းနေ မိုးဝင်း(၃၉)နှစ် (ဘ)ဦးကြည်ဝင်းအား တွေ့ရှိရပြီး နေအိမ်အတွင်း မှ လေသေနတ် ၂ လက်၊ ဂက်စ်ဖြင့် ပစ်ခတ်ရသည့် ပစ္စတိုသေနတ် ၁ လက်တို့အား သိမ်းဆည်းရမိ ခဲ့ကြောင်း သိရသည်။
    
အလားတူ ညနေ ၅ နာရီခွဲခန့်တွင် မန္တလေးတိုင်းဒေသကြီး၊ မဟာအောင် မြေမြို့နယ်၊ မဟာနွယ်စဉ်ရပ်ကွက်၊ ၇၁ လမ်းနှင့် ၇၂ လမ်းကြား၊ ၃၈ လမ်းနှင့် ၃၉ လမ်းကြားရှိ အောင်သိဒ္ဓိဓမ္မာရုံ၏ စတိုခန်းအတွင်းမှ လက်လုပ်သေနတ် ၅ လက်၊ ဓားရှည် ၃ ချောင်း၊ ဂျင်ကလိ ၁၀၃ ချောင်းအပါအဝင် ဆက်စပ်ပစ္စည်းများအားလည်းကောင်း၊ ည ၇ နာရီ ၄၅ မိနစ်ခန့်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ်၊ အမှတ်(၃)ရပ်ကွက်၊ မဟာဘောဂ(၁)လမ်း၊ ခြံအမှတ်(၃) လူနေထိုင်ခြင်းမရှိသည့် ခြံဝန်းအတွင်းမှ မီးစာတပ်ဆင်ထားသော ဓာတ်ဆီပုလင်း ၃၄ လုံး၊ လက်လုပ်မိုင်း ၁ လုံးနှင့် အခြားဆက်စပ်ပစ္စည်းများအားလည်းကောင်း၊ ည ၉ နာရီခန့်တွင် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့၊ ကျွန်းသာယာရပ်ကွက်ရှိ “အောင်ရတနာ” ဘုန်းကြီးကျောင်းတိုက်၌ ဥူးသဇ္ဇ(ခ)ဦးသန့်ဇင် သက်တော်(၄၂)နှစ် ဝါတော်(၂၂)ဝါ (ဘ)ဦးလှသန်းအား ပွိုင့် ၂၂ ကျည် ၃ တောင့်၊ ဂျင်ကလိ ၉ချောင်း၊ အကြမ်းဖက်ရာတွင်အသုံးပြုသည့်ပစ္စည်းများအားလည်းကောင်းတွေ့ရှိ သိမ်း ဆည်းရမိသဖြင့် ဆက်လက် စစ်ဆေးလျက်ရှိကြောင်း သိရသည်။
    
အထက်ပါဖြစ်စဉ်များမှ ဆူပူအကြမ်းဖက်ရာတွင် အသုံးပြုမည့် လက်နက်၊ ပစ္စည်း၊ ကိရိယာများ သိုဝှက်သိမ်းဆည်းထားရှိသူများနှင့် လက်ဝယ်ထားရှိသူအား ဥပဒေနှင့်အညီ ဖော်ထုတ်အရေးယူ နိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။