မြို့နယ်အချို့၌ ဆူပူအကြမ်းဖက်မှုလုပ်ရပ်များတွင် အသုံးပြုမည့် လက်နက်၊ ပစ္စည်း၊ ကိရိယာများအား ဆက်လက်ဖော်ထုတ်သိမ်းဆည်းရမိ 

နေပြည်တော်၊ မေ ၁၉
    
လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ဆူပူအကြမ်းဖက်မှုလုပ်ရပ်များတွင် အသုံးပြုမည့် လက်နက်၊ ပစ္စည်း၊ ကိရိယာများအား  ဆက်လက်ဖော်ထုတ်သိမ်းဆည်းရမိလျက်ရှိရာ မေလ ၁၉ ရက်နေ့နံနက် ၃ နာရီ ၁၅ မိနစ်ခန့်တွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့နယ်၊ ရေအေးကွင်းရပ်ကွက်နေ ထွန်းထွန်း(၄၀)နှစ် (ဘ)ဦးကံထူးအား နေအိမ်အတွင်းမှ ဆူပူ အကြမ်းဖက်ရာတွင် အသုံးပြုသည့် ပစ္စည်းများဖြင့်လည်းကောင်း၊ နံနက် ၅ နာရီ ၄၅ မိနစ်ခန့်တွင် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်၊ မြိတ်တောင်ကျေးရွာအုပ်စု၊ အောင်မင်္ဂလာလမ်းမကြီးနှင့် သုခ(၅)လမ်းထောင့်၌ အကြမ်းဖက်သူ အင်အား ၇ ဦးခန့်မှ ဆူပူအကြမ်းဖက်ဆန္ဒပြနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့က သွားရောက်လူစုခွဲ ထိန်းသိမ်းခဲ့ရာ နံနက် ၅ နာရီ ၅၅ မိနစ်အချိန်တွင် လူစုကွဲသွားခဲ့ပြီး အဆိုပါဆူပူအကြမ်းဖက်ဆန္ဒပြသူများအနက် မြိတ်မြို့၊ ဇေယျာသီရိ(၃)ရပ်ကွက်နေ ဇင်ကိုဖြိုး(ခ)ဒီလှိုင်း(၁၅)နှစ် (ဘ)ဦးသော်ဇင်နှင့် ရာပြည့် ရပ်ကွက်နေ သန်းဌေး(ခ)လေပေါ(၁၇)နှစ် တို့ ၂ ဦးအား ဖမ်းဆီးထိန်းသိမ်းရမိခဲ့ကြောင်း သိရသည်။ 
    
အလားတူ     နံနက် ၁၀ နာရီခန့်တွင် ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်၊ (ဌ)ရပ်ကွက်၊ ခြံအမှတ်(၇)အား လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က သတင်းအရ ဝင်ရောက်ရှာဖွေရာ အဆိုပါခြံအတွင်းနေထိုင်သော ဝဏ္ဏ(၃၇)နှစ် (ဘ)ဦးသောင်းရွှေပါ အမျိုးသား ၄ ဦးအား လက်လုပ်ဗုံးပြုလုပ်ရာတွင်အသုံးပြုသည့် ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
    
နံနက် ၁၀ နာရီခွဲခန့်တွင် မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အောင်သုခရပ်ကွက်နေ ကျော်မင်းထွန်း (ခ)ချစ်တီး(၄၃)နှစ် (ဘ)ဦးသိန်းနိုင်၏ နေအိမ်အား သတင်းအရ ဝင်ရောက်ရှာဖွေရာ ကျော်မင်းထွန်း(ခ)ချစ်တီးအား နေအိမ်တွင် အသင့်တွေ့ရှိထိန်းသိမ်းပြီး ဆက်လက်ရှာဖွေရာ ၎င်းအနီး ကြမ်းပြင်ပေါ်မှ လက်လုပ်မိုင်း ၁၁ ခု၊ ယမ်းမှုန့်ပါ ပုလင်း ၃ လုံး၊ ယမ်းမှုန့်ပါ ကော်ဘူး ၂ ဘူး၊ ယမ်းမှုန့်အနည်းငယ်နှင့် ဖန်ဂေါ်လီ ၁၅ လုံးပါ ပုလင်း ၁ လုံး၊ ဗြောက်အိုး ၅၃ ခု၊ မီးကူး ယမ်းကတ် ၁ ခုနှင့် လက်လုပ်မိုင်းပြုလုပ်ရာတွင်အသုံးပြုသည့် ဆက်စပ်ပစ္စည်းများနှင့်အတူ တွေ့ရှိသိမ်းဆည်းရမိခဲ့ပါသည်။ 
    
အလားတူ မွန်းလွဲ ၁ နာရီခွဲအချိန်တွင် မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ သံလျက်မှော်အနောက်ရပ်ကွက်နေ ဒေါ်လှ(၄၉)နှစ် (ဘ)ဦးသန်းဝင်း၏ နေအိမ်အား  သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က သွားရောက်စစ်ဆေးခဲ့ရာ ၎င်းအားနေအိမ်၌ အသင့်တွေ့ရှိပြီး နေအိမ်အိပ်ခန်းအတွင်းမှ PVC ပိုက်ဖြင့် ပြုလုပ်ထားသော လက်လုပ်သေနတ် ၁ လက်နှင့် ဓာတ်ငွေ့ကာ မျက်နှာဖုံး ၁ ခုတို့အား တွေ့ရှိ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။ 
    
အထက်ပါဖြစ်စဉ်များမှ ဆူပူအကြမ်းဖက်ရာတွင် အသုံးပြုမည့် လက်နက်၊ ပစ္စည်း၊ ကိရိယာများ သိုဝှက်သိမ်းဆည်းထားရှိသူများနှင့် လက်ဝယ်ထားရှိသူအား ဥပဒေနှင့်အညီ ဖော်ထုတ်အရေးယူ နိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။