မြို့နယ်အချို့၌ ဆူပူအကြမ်းဖက်ရာတွင် အသုံးပြုသည့် ပစ္စည်းများနှင့် အဖျက်အမှောင့် လုပ်ရပ်များ ဆောင်ရွက်ရန် ပြုလုပ်ထားရှိသည့် ဖောက်ခွဲရေးပစ္စည်းများအား လက်ဝယ်ထားရှိသူများနှင့်အတူ ဖော်ထုတ်ဖမ်းဆီး

နေပြည်တော်၊ မေ ၂၇
    
မြန်မာနိုင်ငံအတွင်း အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်များ ဖြစ်ပွားမှုမရှိစေရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့်စုံစမ်းဖော်ထုတ်မှုများ ဆောင်ရွက်လျက်ရှိရာ အကြမ်းဖက် သမားများ၏ လက်နက်၊ ခဲယမ်းများ၊ ဖောက်ခွဲရေးပစ္စည်းများနှင့် ဆက်စပ်ပစ္စည်းများကို ဆက်လက် ဖော်ထုတ်သိမ်းဆည်းရမိလျက်ရှိသည်။
    
ထို့သို့ဖော်ထုတ်ဖမ်းဆီးရာတွင် ၂၀၂၁ ခုနှစ်၊ မေလ ၂၆ ရက်နေ့ နံနက် ၁၀ နာရီ ၄၀ မိနစ် အချိန်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ရန်ကုန်- မန္တလေးအမြန်လမ်းမကြီး၊ တံခွန်တိုင်ပူးပေါင်းစစ်ဆေးရေးဂိတ်၌ ရန်ကုန်ဘက်မှ မန္တလေးဘက်သို့ ငါန်းဇွန်မြို့နယ်၊ ပေါက်စိန်း ကျေးရွာနေ ရွှေကို (၂၇)နှစ် (ဘ) ဦးဖိုးတုတ်မောင်းနှင်လာသော ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးခဲ့ရာ ၎င်းလွယ်ထားသော ကျောပိုးအိတ်အတွင်းမှ အကြမ်းဖက်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများကို သိမ်းဆည်းရမိသဖြင့် ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း သိရသည်။
    
အလားတူ မွန်းလွဲ ၁ နာရီ ၄၅ မိနစ်အချိန်တွင် ပြည်ကြီးတံခွန်မြို့နယ်၊ ပြည်ကြီးမျက်ရှင် ရပ်ကွက်၊ လမ်း ၆၀၊ ၃၄ လမ်းနှင့် ၃၅ လမ်းကြားရှိ ကျော်စွာလွင်(ခ) ဇာနည် (၃၈)နှစ်၊ (ဘ) ဦးမြင့်မောင် ၏ နေအိမ်၌ သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ၎င်းအား နေအိမ်အတွင်းမှ လက်လုပ်မိုင်း ၅ လုံးနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
    
အလားတူ ည ၇ နာရီခွဲအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်၊ (၁၀)တောင်၊ (၁၂)ရပ်ကွက်၊ ရတနာလမ်း၊ တက်လမ်းအိမ်ရာ၊ တိုက်အမှတ် (၆)၊ အခန်း အမှတ် (၄၀၂)အား သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့က သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါအခန်းအတွင်း လူနေထိုင်ခြင်းမရှိဘဲ အခန်းအတွင်းမှ လက်လုပ်ဗုံး မျိုးစုံ ၂၁၂ လုံး၊ Keypad ဖုန်းတွင် တပ်ဆင်ပြီး အစပျိုးစနစ် ၅ စုံ၊ လက်လုပ်ရှော့တိုက်ဒုံး ၇ လုံး၊ Remode ပါ ဒရုန်းရဟတ်ယာဉ် ၁ စုံ၊ အကြမ်းဖက်တိုက်ခိုက်ရာတွင် အသုံးပြုသည့်ဆက်စပ်ပစ္စည်းများအား တွေ့ရှိသိမ်းဆည်းရမိခဲ့ ကြောင်း သိရသည်။
    
အလားတူ မေလ ၂၇ ရက်နေ့ နံနက် ၄ နာရီ ၂၀ မိနစ်အချိန်တွင် မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်၊ ကျောက်ခတ်ကျေးရွာ၏ မြောက်ဘက် မီတာ ၇၀၀ ခန့်အကွာ တောင်ကုန်းအနီး တစ်ဝိုက်အား သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က သွားရောက်ရှင်းလင်းရာ ကျောက်ခတ်ကျေးရွာနေ မိုးခိုင် (၃၅)နှစ် (ဘ)ဦးမြသိန်းအား လက်လုပ်သေနတ် ၂ လက်၊ တူမီးသေနတ် ၁ လက်၊ အကြမ်းဖက်တိုက်ခိုက်ရာတွင် အသုံးပြုသည့်ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး အဆိုပါနေရာအား ဆက်လက်ရှင်းလင်းခဲ့ရာ ပတ်လည်အင်းကျေးရွာနေ ဦးလှဝင်း(၅၉)နှစ် (ဘ) ဦးကြည်သောင်းနှင့် တစ်ရွာတည်းနေ ကျော်ကြီး(ခ)ကျော်သူနိုင်(၃၅)နှစ် (ဘ)ဦးထွန်းလွင်တို့အား ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
    
အလားတူ မွန်းလွဲ ၁ နာရီခွဲအချိန်တွင် အင်းစိန်မြို့နယ်၊ စဉ့်ငူရပ်ကွက်နေ ဝေယံရှိုင်း(၃၀)နှစ် (ဘ)ဦးစိန်မောင်ပါ ၉ ဦးအား သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က ၎င်းတို့နေအိမ်အသီးသီး၌ သွားရောက်ဖမ်းဆီးခဲ့ရာ ဝေယံရှိုင်း၏နေအိမ်၌ လက်ပစ်ဗုံး ၁ လုံးဖြင့် လည်းကောင်း၊ ထင်အောင်ကျော်၏နေအိမ်၌ အကြမ်းဖက်တိုက်ခိုက်ရာတွင် အသုံးပြုသည့်ဆက်စပ် ပစ္စည်းများ၊ ဆန့်ကျင်ရေး စာရွက်စာတမ်းများနှင့်အတူ  တွေ့ရှိဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
    
အဆိုပါဖြစ်စဉ်များမှ ဖမ်းဆီးရမိသူများအား ဥပဒေနှင့်အညီအရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။