မြို့နယ်အချို့၌ နိုင်ငံတော်ပိုင်အဆောက်အဦ များအား လက်နက်ကိုင်သောင်းကျန်းသူများနှင့် အကြမ်းဖက်သူများက မီးရှို့ဖျက်ဆီးခဲ့မှုများ ပြုလုပ်

နေပြည်တော်၊ မေ ၂၂
    
တိုင်းဒေသကြီ၊ ပြည်နယ်အချို့ရှိ မြို့နယ်အချို့တို့တွင်  နိုင်ငံတော်ပိုင်အဆောက်အဦများအား လက်နက်ကိုင်သောင်းကျန်းသူများနှင့် အကြမ်းဖက်သူများက မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
    
ထို့သို့လုပ်ဆောင်ခဲ့ရာတွင် မေလ ၂၁ ရက်နေ့ ညနေ ၆ နာရီခွဲအချိန်တွင် ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဒီးမော့ဆို-ဖရူဆိုကားလမ်းဘေးရှိ ထွီးလွီးဘီလာကျေးရွာအနီးရှိ ယာယီရုပ်သိမ်းထားရှိသည့် ပူးပေါင်းစစ်ဆေးရေးဂိတ်အား လက်နက်ကိုင် သောင်းကျန်းသူအင်အား ၈၀ ဦးခန့် ရောက်ရှိလာပြီး အဆိုပါစစ်ဆေးရေးဂိတ်ရှိ ပြည်နယ်အစိုးရအဖွဲ့ အစီအစဉ်ဖြင့် ဆောက်လုပ်ထား ရှိသော အလျား ၂၀ ပေ၊ အနံ ၁၅ ပေခန့်ရှိ သွပ်မိုး၊ ပျဉ်ကာ အဆောက်အဦ ၁ လုံးနှင့် ၆ ပေပတ်လည် ကင်းတဲ ၁ လုံးတို့အား မီးရှို့ဖျက်ဆီးခဲ့သဖြင့် မီးလောင်ကျွမ်းခဲ့ကာ လက်နက်ကိုင်အကြမ်းဖက်သူများမှာ ပတိုငံကျေးရွာဘက်သို့ ဆုတ်ခွာသွားခဲ့ပြီး မီးလောင်မှုကြောင့် အဆိုပါစစ်ဆေးရေးဂိတ်ရှိ အဆောက်အဦ ၂ လုံးမီးလောင်ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။
    
အလားတူ မေလ ၂၂ ရက်နေ့ နံနက် ၅ နာရီ ၁၀ မိနစ်အချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၊ တပ်ဦးသီတာရပ်ကွက်ရှိ ခရိုင်တရားရုံးနှင့် မြို့နယ်တရားရုံးတို့ တည်ရှိရာဝင်းအတွင်းသို့ ဦးဆောင်သူနှင့် အကြမ်းဖက်သူများက တာယာကွင်းများအား မီးရှို့၍ပစ်ပေါက်ခဲ့သဖြင့် မီးလောင်မှု ဖြစ်ပွားနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များက သွားရောက် မီးငြှိမ်းသတ်ခဲ့ရာ ၁၀ မိနစ်ခန့်အကြာတွင် မီးငြိမ်းသွားခဲ့ပြီး မီးလောင်မှုကြောင့် အဆိုပါ တရားရုံးဝင်း အတွင်းရှိ ထိန်းသိမ်းထားရှိသော သက်သေခံမော်တော်ဆိုင်ကယ် ၁၅၃ စီးနှင့် မော်တော်ယာဉ် ၄ စီးတို့ မီးလောင်ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။
    
အလားတူ နံနက် ၇ နာရီအချိန်တွင် နေပြည်တော်ပြည်ထောင်စုနယ်မြေ၊ ပျဉ်းမနားမြို့၊ ဦးကျေးရပ်ကွက်ရှိ အခြေခံပညာမူလတန်းကျောင်း၌ မီးလောင်မှုဖြစ်ပွားနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့တပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များက သွားရောက်၍ ပြည်သူများနှင့်အတူ မီးငြှိမ်း သတ်ခဲ့ရာ ၁၀ မိနစ်ခန့်အကြာတွင် မီးငြိမ်းသွားခဲ့ပြီး မီးလောင်မှုအား စိစစ်ခဲ့ရာ အဆိုပါကျောင်း စာသင်ခန်း ၂ ခန်းအတွင်း စာအုပ်များထားရှိရာအခန်း ပြတင်းတံခါးအား အကြမ်းဖက်သူများက ဖျက်ဆီးဝင်ရောက်၍ ဓာတ်ဆီလောင်းမီးရှို့ခဲ့ခြင်း ဖြစ်ကြောင်း သိရှိခဲ့ရပြီး မီးလောင်မှုကြောင့် အဆိုပါစာသင်ဆောင် ၂ ခုအတွင်းရှိ စာအုပ် ၁၀ ဒါဇင်၊စာသင်ခုံ ၂ လုံးနှင့် White Board ၁ ခုတို့ မီးလောင်ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။
    
အဆိုပါဖြစ်စဉ်များမှ နိုင်ငံတော်ပိုင်အဆောက်အဦများအား မီးရှို့ဖျက်ဆီးခဲ့သည့် အကြမ်းဖက် သူများအား ဥပဒေနှင့်အညီ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။