မြို့နယ်အချို့၌ လက်လုပ်သေနတ်များကို ပြည်သူလူထုက တာဝန်ရှိသူများမှတစ်ဆင့် လုံခြုံရေးတပ်ဖွဲ့ဝင်များထံ လာရောက်အပ်နှံ

နေပြည်တော်၊ မေ - ၂၃

 
တိုင်းဒေသကြီး/ ပြည်နယ်များရှိမြို့နယ်အချို့၌ အေးချမ်းစွာနေထိုင်လိုသည့် ပြည်သူလူထုများမှ ၎င်းတို့၏ သဘောဆန္ဒအလျောက် ၎င်းတို့ထံတွင်ရှိသော လက်လုပ် သေနတ်များအား အုပ်ချုပ်ရေးတာဝန်ရှိသူများမှတစ်ဆင့် လုံခြုံရေးတပ်ဖွဲ့ဝင်များထံ လာရောက်အပ်နှံလျက်ရှိကြသည်။

 
ထို့သို့အပ်နှံရာတွင် မေ ၂၂ ရက် ညနေ ၅ နာရီခွဲခန့်တွင် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ရွာငံမြို့နယ်၊ ဈေးတန်း(ကွက်သစ်)ရပ်ကွက်မှ တာဝန်ရှိသူများက တူမီးသေနတ် ၆ လက်ကို လုံခြုံရေးတပ်ဖွဲ့ဝင်များထံ လာရောက်အပ်နှံခဲ့ကြောင်း သိရသည်။ ထိုကဲ့သို့ ပြည်သူလူထုမှ လာရောက်အပ်နှံသော လက်လုပ်သေနတ်များကို လုံခြုံရေးတပ်ဖွဲ့ဝင်များက လက်ခံရယူပြီး စနစ်တကျသိမ်းဆည်းထားရှိကြောင်း သတင်း ရရှိပါသည်။