မြို့နယ်အချို့၌ အကြမ်းဖက်မှုလုပ်ရပ်များတွင် အသုံးပြုမည့် လက်နက်၊ ပစ္စည်း၊ ကိရိယာများနှင့် သိုဝှက်သိမ်းဆည်းထားရှိသူများအား ဆက်လက်ဖော်ထုတ် ဖမ်းဆီးရမိ

နေပြည်တော်၊ ဇွန် ၂၈

မြို့နယ်အချို့၌ အကြမ်းဖက်မှု လုပ်ရပ်များတွင် အသုံးပြုမည့် လက်နက်၊ ပစ္စည်း၊ ကိရိယာများနှင့် သိုဝှက်သိမ်းဆည်း ထားရှိသူများအား ဆက်လက်ဖော်ထုတ် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ထိုသို့ဖမ်းဆီးခြင်းများ ဆောင်ရွက်ခဲ့ရာ ဇွန်လ ၂၇ ရက် မွန်းလွဲ ၂ နာရီခွဲအချိန်တွင် မွန်ပြည်နယ်၊ သထုံခရိုင်၊ စစ်တောင်းတံတားအသစ်၌ လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့က မော်တော်ယာဉ်များအား စစ်ဆေးနေစဉ် မြဝတီမြို့ဘက်မှ ရန်ကုန်မြို့ဘက်သို့ အင်းစိန်မြို့နယ်၊ ဖော့ကန်ကျေးရွာနေ ဇော်ဇော်အောင်(၃၅)နှစ် (ဘ)ဦးသန်းဌေး မောင်းနှင်ပြီး ဦးကျော်လွင်(၄၅)နှစ် လိုက်ပါလာသော YGN 6C/3110 Hyundia ခရီးသည်တင် မှန်လုံယာဉ်အား စစ်ဆေးခဲ့ရာ ယာဉ်၏ ဝမ်းဗိုက်အတွင်း တင်ဆောင်လာသော "စည်သူ" အမည်ပါ ကတ်ထူပုံးအတွင်းမှ ပစ္စတိုသေနတ် ၁ လက်၊ လေသေနတ် ၄ လက်၊ ပွိုင့် ၃၈ ကျည် ၁၀၀ တောင့်နှင့် ဆက်စပ်ပစ္စည်များအား ရှာဖွေတွေ့ရှိ သိမ်းဆည်းရမိခဲ့သဖြင့် ဆက်လက် စစ်ဆေးလျက်ရှိကြောင်း သိရှိရသည်။

အလားတူ မွန်းလွဲ ၃ နာရီ ၂၀ မိနစ်အချိန်တွင် မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်၊ ခွေးမြှုပ်ကျေးရွာရှိ ရွှေဘုံသာ ဘုန်းကြီးကျောင်း၌ ဆူပူအကြမ်းဖက်ရာတွင် အသုံးပြုသည့် ပစ္စည်းများ သိမ်းဆည်းထားကြောင်း သတင်းအရ လုံခြုံရေး တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ဘုန်းကြီး ကျောင်းဝင်းအနောက်ဘက်ရှိ သီလရှင်အဆောင်ဟောင်း အတွင်းမှ အဆိုပါကျေးရွာနေ မင်းကိုနိုင် (၃၄)နှစ် (ဘ)ဦးဝမ်းအား တောစီးလည်တိုဖိနပ် ၉ ရံ၊ မီးသတ်ဆေးဘူးအခွံ ၂ ဘူး၊ လက်ကိုင် စကားပြောစက် ၃ လုံး၊ အားသွင်းခုံ ၄ ခု၊ ပြုလုပ်ဆဲသေနတ် သစ်သားကိုယ်ထည် ၁ ခု၊ အပစ်ခလုတ် ၃ ခု၊ စတီးဘောစေ့ ၂၅ နှင့် အခြားဆက်စပ်ပစ္စည်းများနှင့် အတူ ဖမ်းဆီးရရှိခဲ့ကြောင်း သိရသည်။

အထက်ပါဖြစ်စဉ်များမှ အကြမ်းဖက်ရာတွင် အသုံးပြုမည့် လက်နက်၊ ပစ္စည်း၊ ကိရိယာ များအား သိုဝှက်သိမ်းဆည်း ထားရှိသူများနှင့် လက်ဝယ်ထားရှိသူအား ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရှိရသည်။