မြို့နယ်အချို့၌ အကြမ်းဖက်သူအုပ်စုများမှ အေးချမ်းစွာ နေထိုင်သော ပြည်သူများအား “သတင်းပေး”ဟု စွပ်စွဲပြောဆိုကာ ရန်ပြုခြင်း၊နေအိမ်များအား ဖျက်ဆီးခြင်းများ ပြုလုပ်

နေပြည်တော်၊ ဇွန် ၂၈

တိုင်းဒေသကြီး၊ ပြည်နယ်အချို့ရှိ မြို့နယ်အချို့မှ အကြမ်းဖက်သူ လူအုပ်စုများက ၎င်းတို့၏ လုပ်ဆောင်မှုများအတိုင်း လိုက်လံလုပ်ဆောင်ခြင်း မရှိဘဲ အေးချမ်းစွာ နေထိုင်သော ပြည်သူများအား “သတင်းပေး”ဟု စွပ်စွဲပြောဆိုကာ ၎င်းတို့အား ရန်ပြုခြင်း၊နေအိမ်များအား ဖျက်ဆီးခြင်းများ အုပ်စုဖွဲ့၍ မင်းမဲ့စရိုက်ဆန်ဆန် ပြုလုပ်လျက်ရှိသည်ကို တွေ့ရှိရသည်။

ဖြစ်စဉ်မှာ ဇွန်လ ၂၇ ရက်နေ့ နံနက် ၁ နာရီ ၁၅ မိနစ်အချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်းသိုမြို့နယ်၊ အိုးပြစ်ကျေးရွာနေ ဦးချင်းရွှေ(၅၅)နှစ် (ဘ) ဦးလှမောင်၏ နေအိမ်အား အကြမ်းဖက်သူ ၁၀ ဦးက “သတင်းပေး”ဟုပြောဆို၍ လက်လုပ်ဗုံး ၂ လုံးဖြင့် ပစ်ပေါက်ကာ အိမ်အတွင်း ဝင်ရောက် ဖျက်ဆီးသွားကြောင်းနှင့် အိုးပြစ်ကျေးရွာ ဘုန်းတော်ကြီးကျောင်း၊ ကျောင်းထိုင်ဆရာတော် ဉူးဇောတိက အား “သတင်းပေး”ဟု စွပ်စွဲပြောဆိုကာ ကျောင်းခြံစည်းရိုးများအား ကန်ကျောက်ခဲ့ကြောင်း သတင်းအရ လုံခြုံရေး တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က သွားရောက်စစ်ဆေးခဲ့ရာ ဦးချင်းရွှေ၏ နေအိမ် ပြတင်းတံခါးမှန် ၆ ချပ်ကွဲကျေပျက်စီးကာ နေအိမ်အတွင်းမှ မပေါက်ကွဲသေးသည့် လက်လုပ်ဗုံး ၂ လုံးအား တွေ့ရှိရသဖြင့် သက်မဲ့ပြုလုပ် သိမ်းဆည်းခဲ့ပြီး ဦးချင်းရွှေပါ မိသားစုဝင် ၅ ဦးနှင့် ဆရာတော် ဉူးဇောတိကတို့အား အဆိုပါကျေးရွာတွင် နေထိုင်ရန် လုံခြုံရေး စိတ်မချရသဖြင့် နယ်မြေခံတပ်ရင်း၌ ခေါ်ဆောင်စောင့်ရှောက်ထားရှိကြောင်း သိရှိရသည်။

 ထို့အတူ ဇွန်လ ၂၈ ရက်နေ့ နံနက် ၉ နာရီခွဲအချိန်တွင် မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ (ဋ)ရပ်ကွက်၊ မန်လွယ်ဘုန်းကြီးကျောင်း အနီးရှိ ဦးတင်ထွန်း ပိုင်ဆိုင်ပြီး လူနေထိုင်ခြင်း မရှိသည့်နေအိမ်အား အကြမ်းဖက်သူအင်အား ၅၀ ဦးခန့်က “သတင်းပေး”အိမ်ဟု စွပ်စွဲ၍ အုတ်တံတိုင်းခြံစည်းရိုးနှင့် သွပ်မိုး၊ ထရံကာနေအိမ်တို့အား ဝင်ရောက်ဖျက်ဆီးနေကြောင်း သတင်းအရ လုံခြုံရေး တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က အဆိုပါ အခြေအနေအား ထိန်းသိမ်းနိုင်ရေး သွားရောက်ခဲ့ရာ အကြမ်းဖက်သူများက လုံခြုံရေး တပ်ဖွဲ့ဝင်များအား အုတ်ခဲကျိုးများဖြင့် ပစ်ခတ်ရန်ပြုခဲ့သဖြင့် ခြောက်လှန့်ပစ်ခတ် လူစုခွဲခဲ့ရာ အကြမ်းဖက်သူများ လူစုခွဲထွက်ပြေးသွားခဲ့ပြီး အကြမ်းဖက်သူများ အတွင်းမှ အမျိုးသားတစ်ဦးတွင် ထိမှန်ဒဏ်ရာဖြင့် သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာ ရရှိထားသော ချမ်းမြသာစည်မြို့နယ်၊ ထွန်တုံးရပ်ကွက်၊ ၅၅ လမ်းနှင့် ၁၀၈ လမ်းထောင့်နေ ဦးထွန်းအောင် (၅၅)နှစ် နှင့် ဒေါ်ငွမ်းအသန် (၄၉)နှစ်တို့နှစ်ဦးအား ဓားရှည် ၁၃ လက်၊ ဂေါက်ရိုက်တံ ၁ ချောင်း၊ သံညှပ်အကြီး ၁ ချောင်း၊ ဖုန်း ၁ လုံး၊ ဆိုင်ကယ် ၁၄ စီးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့သဖြင့် ဒဏ်ရာရရှိသူများအား မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထားရှိခဲ့ကြောင်း သိရသည်။

အထက်ပါ အကြမ်းဖက်မှုဖြစ်စဉ်များတွင် ဖမ်းဆီးရမိသူများနှင့် ပူးပေါင်းပါဝင် ပတ်သက်သူများ အား ဥပဒေနှင့်အညီ အရေးယူနိုင်ရေး လုံခြုံရေး တပ်ဖွဲ့ဝင်များက ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။