မြို့နယ်အချို့၌ အုပ်ချုပ်ရေးပိုင်းဆိုင်ရာတာဝန်ရှိသူများအား အကြမ်းဖက်သမားများက ရည်ရွယ်ချက်ရှိရှိလုပ်ကြံသတ်ဖြတ်

နေပြည်တော်၊ မေ ၁၉    
    
၂၀၂၁ ခုနှစ်၊ မေလ ၁၈ ရက်နေ့တွင် မြို့နယ်အချို့၌ အုပ်ချုပ်ရေးပိုင်းဆိုင်ရာတာဝန်ရှိ သူများအား အကြမ်းဖက်သမားများက ရည်ရွယ်ချက်ရှိရှိလုပ်ကြံသတ်ဖြတ်များ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
    
ဖြစ်စဉ်မှာ မေလ ၁၈ ရက်  ည ၁၀ နာရီ ၁၀ မိနစ်ခန့်တွင် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်၊ ပန်ချိုင်ကျေးရွာနေ ရပ်ကွက်စီမံအုပ်ချုပ်ရေးအဖွဲ့မှူး ဦးမိုးဇော်မြင့် (၅၆)နှစ် (ဘ)ဦးကြည်အောင်သည် ၎င်း၏နေအိမ်၌ အိပ်ပျော်နေစဉ် အကြမ်းဖက်သူအမျိုးသား ၆ ဦး သည် ဆိုင်ကယ် ၃ စီးဖြင့် ရောက်ရှိလာပြီး ဆဲဆိုခြိမ်းခြောက်ကာ ဒုတ်၊ ဓားလက်နက်များဖြင့် ရိုက်နှက်ထိုးခုတ်အကြမ်းဖက်ကာ ဆိုင်ကယ် များဖြင့် ပြန်လည် ထွက်ပြေးသွားခဲ့သည်။ အကြမ်းဖက်သမားများ၏ ရိုက်နှက်ထိုးခုတ်မှုကြောင့် ဦးမိုးဇော်မြင့်တွင် ရင်ညွန့်၊ နောက်ကျောနှင့် ဝဲတံတောင်တို့တွင် ဒဏ်ရာများရရှိခဲ့သဖြင့် ဆေးဝါး ကုသမှုခံယူနိုင်ရေး တပ်မတော်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည်။
    
အလားတူ ည ၁၂ နာရီခွဲခန့်တွင် မကွေးတိုင်းဒေသကြီး၊ မြောင်မြို့နယ်၊ ရွှေပေါက်ပင် ကျေးရွာနေ ကျေးရွာစီမံအုပ်ချုပ်ရေးအဖွဲ့မှူး ဦးစိုးညွန့်သည် ၎င်း၏ဇနီးဖြစ်သူ ဒေါ်တွတ်၊ သားဖြစ်သူ ဝေလျှံစိုး၊ သမီးဖြစ်သူ မတင်မာစိုး၊ သားမက်ဖြစ်သူ ကိုသန့်ဇင်မောင်နှင့် မြေးဖြစ်သူ မောင်စွမ်းထက်(ခ)စွမ်းထက်အောင်တို့နှင့်အတူ နေအိမ်အတွင်း၌ ရှိနေစဉ် အကြမ်းဖက်သူ အမျိုးသား ၂၀ ဦးခန့်သည် မျက်နှာအား ပုဆိုးနှင့်စည်း၍ ရောက်ရှိလာပြီး နေအိမ်အား လက်လုပ်ဗုံး ၂ လုံးဖြင့် ပစ်ပေါက်၍ အော်ဟစ်ဆဲဆိုကာ ဒုတ်၊ ဓားများဖြင့် အကြမ်းဖက်ဝင်ရောက် ထိုးခုတ်တိုက်ခိုက်ခဲ့သည့်အတွက် ဦးစိုးညွန့်နှင့် မတင်မာစိုးတို့သည် ဓားဒဏ်ရာများဖြင့် အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ပြီး မောင်စွမ်း(ခ)စွမ်းထက်အောင်၊ ဒေါ်တွတ်နှင့် ဝေလျှံစိုးတို့တွင် ဒဏ်ရာများအသီးသီးရရှိခဲ့သည့်အတွက် ဆေးဝါးကုသမှုခံယူနိုင်ရေး မြင်းမူပြည်သူ့ဆေးရုံသို့ ပို့ဆောင်စဉ် မောင်စွမ်း(ခ)စွမ်းထက်အောင်မှာ ရရှိဒဏ်ရာများဖြင့် ထပ်မံသေဆုံးသွားခဲ့ပါသည်။
    
အလားတူ မေလ ၁၉ ရက်နေ့ နံနက် ၉ နာရီ ၂၅ မိနစ်ခန့်တွင် ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့၊ အမှတ်(၄)ရပ်ကွက်၊ ရပ်ကွက်စီမံအုပ်ချုပ်ရေးအဖွဲ့မှူး ဦးကျော်ဇင်မင်း(၄၂)နှစ် (ဘ)ဦးကျော်ငြိမ်းသည် ၎င်း၏နေအိမ်ရှေ့ရှိ ကားရေဆေးဆိုင်၌ ရှိနေစဉ် ဆိုင်ကယ်မောင်းနှင်လာသည့် အကြမ်းဖက်သူများက သေနတ်ဖြင့် ၁၀ ချက်ခန့် ပစ်ခတ်ခဲ့ရာ ဦးကျော်ဇင်မင်းတွင် ဝဲပုခုံး၊ ယာပေါင်၊ ယာတင်ပါး၊ ဝဲ/ယာခြေထောက်တို့တွင် ဒဏ်ရာများရရှိခဲ့သည့်အတွက် ဆေးဝါးကုသမှုခံယူနိုင်ရေး ဘုရားသုံးဆူမြို့၊ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကုသခဲ့ရာ နံနက် ၁၀ နာရီအချိန်တွင် ဆေးရုံ၌ သေဆုံး သွားခဲ့ကြောင်း သိရသည်။
    
အထက်ပါဖြစ်စဉ်များတွင် အုပ်ချုပ်ရေးပိုင်းဆိုင်ရာတာဝန်ရှိသူ ရပ်ကွက်/ကျေးရွာစီမံအုပ်ချုပ် ရေးအဖွဲ့မှူးများအား  ရည်ရွယ်ချက်ရှိရှိ ရက်စက်စွာလုပ်ကြံသတ်ဖြတ်ခဲ့သူ အကြမ်းဖက်သမား များအား ဥပဒေနှင့်အညီ ဖော်ထုတ်အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင် ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။