မြောက်ကိုရီးယားက ကိုဗစ်-၁၉ လော့ဒေါင်းကိုဖြေလျှော့ပေးဖွယ်ရှိမှုကြောင့် တရုတ်နှင့်ကုန်သွယ်မှုမြင့်တက်

ပေကျင်း၊ စီးပွားရေး

မြောက်ကိုရီးယားက နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှုမရှိစေရေးအတွက် လော့ဒေါင်းချမှတ် ထားမှုကို ဖြေလျှော့ပေးဖွယ်ရှိသည့်အတွက် တရုတ်နိုင်ငံနှင့် ကုန်သွယ်မှုပမာဏ မြင့်တက်လာကြောင်း သိရသည်။

မတ်လအတွင်း မြောက်ကိုရီးယား နိုင်ငံသို့ တရုတ်နိုင်ငံမှပို့ကုန်တင်ပို့မှုသည် ခြောက်လအတွင်း အမြင့်ဆုံးသို့ ရောက်ရှိပြီး ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလနှစ်လပေါင်း တင်ပို့မှုပမာဏထက်အဆ ၄၀၀ နီးပါးမြင့်တက်လာ သည်ကိုတွေ့ရသည်။

တရုတ်နိုင်ငံက မြောက်ကိုရီးယားနိုင်ငံသို့ မတ်လအတွင်း ပို့ကုန်တင်ပို့မှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁၂ ဒသမ ၉၇၈ သန်းနှင့် မြောက်ကိုရီးယားနိုင်ငံမှ သွင်းကုန်တင်သွင်းမှုတန်ဖိုးမှာ ဒေါ်လာ ၁ ဒသမ ၃ သန်းကျော် ရှိကြောင်း တရုတ်အကောက်ခွန်ဌာန၏ ဧပြီ ၁၈ ရက် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မြောက်ကိုရီးယားနိုင်ငံသည် ပြီးခဲ့သည့်လ အစောပိုင်းမှစ၍ နယ်စပ်ဖြတ်ကျော်ခရီးသွားလာမှု အားလုံးနီးပါး ကိုပိတ်ဆို့ကာ လော့ဒေါင်းချမှတ်ခဲ့ခြင်းဖြစ်သည်။

သို့သော် ပြီးခဲ့သည့် သီတင်းပတ်များတွင် မြောက်ကိုရီးယားက အဆိုပါလော့ဒေါင်းကို ဖြေလျှော့ပေး ဖွယ်ရှိမှု ကြောင့် တရုတ်နိုင်ငံနှင့် ကူးလူးဆက်သွယ်သွားလာနေသည့် သင်္ဘောအရေအတွက်မြင့်တက်လာကြောင်း ယင်းနိုင်ငံကို စောင့်ကြည့်နေသည့် သတင်းဝက်ဆိုက်တစ်ခုဖြစ်သော NK Pro ကဖော်ပြထားသည်။

အလုံးစုံခြုံငုံသုံးသပ်ကြည့်မည်ဆိုပါက မြောက်ကိုရီးယားနိုင်ငံသည် ကုန်သွယ်ရေး လုပ်ငန်းများကိုပြန်လည် စတင်ရန် ပြင်ဆင်နေသည်ကိုတွေ့ရမည်ဖြစ်ကြောင်း NK Pro မှ ဦးဆောင်ညွှန်ကြားရေးမှူး ချတ်အိုကားရိုး ကပြောသည်။

ထိုသို့ပြင်ဆင်မှုများက ဓာတ်မြေသြဇာ လိုအပ်နေသည့် လယ်သမားများ၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု လိုအပ်နေ သည့် စက်ရုံများ၊ အခြေခံစားသုံးကုန် လိုအပ်နေသည့်ပြည်သူများအတွက် သက်သာရာရစေမည်ဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။

Ref: CNA