မြောက်ကိုရီးယားက သတိပေးထားသည့်ကြားမှ တောင်ကိုရီးယား-အမေရိကန် ပူးတွဲစစ်ရေး လေ့ကျင့်ခန်း သြဂုတ် ၁၆ ရက်တွင် စတင်မည်

မြောက်ကိုရီးယားက သတိပေးထားသည့်ကြားမှ တောင်ကိုရီးယား-အမေရိကန် ပူးတွဲစစ်ရေး လေ့ကျင့်ခန်း သြဂုတ် ၁၆ ရက်တွင် စတင်မည်

တောင်ကိုရီးယားနိုင်ငံနှင့် အမေရိကန် နိုင်ငံတို့သည် ၎င်းတို့၏ ပူးတွဲစစ်ရေးလေ့ကျင့်ခန်းကို သြဂုတ် ၁၆ ရက်တွင် စတင်လုပ်ဆောင်မည်ဖြစ်ကြောင်း တောင်ကိုရီးယား စစ်ဘက်က သြဂုတ် ၁၅ ရက်တွင်ပြောသည်။

ပူးတွဲစစ်ရေးလေ့ကျင့်ခန်း လုပ်ပါက သံတမန်ရေးနှင့် လုံခြုံရေးဆိုင်ရာ ပဋိပက္ခများ ဖြစ်လာနိုင်သည်ဟု မြောက်ကိုရီးယား အစိုးရက သတိပေးထားသည့်ကြားမှ တောင်ကိုရီးယားနှင့် အမေရိကန်တို့က ပူးတွဲစစ်ရေး လေ့ကျင့်ခန်း လုပ်ဆောင်ခြင်း ဖြစ်သည်။

အဆိုပါစစ်ရေး လေ့ကျင့်ခန်းကို ကိုးရက်ကြာ လုပ်ဆောင်သွားမည်ဖြစ်ပြီး ထိုစစ်ရေး လေ့ကျင့်ခန်းတွင်  ခံစစ်အပြုအမူ ရှိသော  ကွန်ပျူတာအသုံးပြု သဏ္ဌာန်တူ ကွပ်ကဲမှုဌာနချုပ် လေ့ကျင့်ခန်းကို   လူအင်အား အနည်းငယ်ဖြင့်သာ လုပ်ဆောင်မှုပါဝင်မည်ဖြစ်ပြီး မြေပြင်တွင် အမှန်တကယ် လေ့ကျင့် မှု မပါဝင်ကြောင်း တောင်ကိုရီးယား ပူးတွဲစစ်ဦးစီးချုပ်များရုံးက ထုတ်ပြန်ထားသည်။

မဟာမိတ်နှစ်နိုင်ငံ အနေဖြင့် ကိုဗစ်-၁၉  ရောဂါဖြစ်ပွားမှု အခြေအနေ၊ ပူးတွဲကာကွယ်ရေး ရပ်တည်ချက်အပြင် ကိုရီးယား ကျွန်းဆွယ်တွင် နျူကလီးယား ကင်းစင်ရေးနှင့် ထာဝရငြိမ်းချမ်းရေး ရရှိစေရန်မျှော်မှန်းကာ သံတမန်ရေးအရ  ကြိုးပမ်းမှုများ အပေါ်  အထောက်အကူဖြစ်စေမည့် နည်းလမ်းများကို ကျယ်ကျယ်ပြန့်ပြန့် သုံးသပ်ပြီးနောက် ယခုဆုံးဖြတ်ချက်ကို ချမှတ်ခြင်းဖြစ်ကြောင်း ပူးတွဲစစ်ဦးစီးချုပ်များရုံး၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ကိုရီးယားနှစ်နိုင်ငံကြား တစ်နှစ်ကျော်ကြာ ပြတ်တောက်နေသည့်  အရေးပေါ် ဆက်သွယ်ရေးလိုင်းကို ဇူလိုင် ၂၈ ရက်တွင် ပြန်လည်ဖွင့်လှစ်နိုင်ခဲ့သည်။

သို့သော် တောင်ကိုရီးယားနှင့် အမေရိကန်တို့က ပြီးခဲ့သည့် သီတင်းပတ်တွင် ပဏာမလေ့ကျင့်ခန်းကိုစတင်ပြီး  နောက်တစ်ရက်တွင် အရေးပေါ် ဆက်သွယ်ရေးလိုင်းမှ တောင်ကိုရီးယား၏ ပုံမှန်ခေါ်ဆိုမှုများကို မြောက်ကိုရီးယားဘက်က ပြန်ဖြေခြင်း မရှိတော့သည်ကို တွေ့ရသည်။

မြောက်ကိုရီးယား၌   ခေါင်းဆောင် ကင်ဂျုံအွန်ပြီးလျှင် အာဏာအရှိဆုံး ဖြစ်သော    ၎င်း၏ညီမ ကင်ယိုဂျောင်က တောင်ကိုရီးယား၏ လုပ်ရပ်နှင့်ပတ်သက်၍ သစ္စာဖောက်သည့်  လုပ်ရပ်ဟု စွပ်စွဲထားသည်။

ထို့ပြင် တောင်ကိုရီးယားနှင့် အမေရိကန်တို့သည်  ဆက်ဆံရေး တိုးတက်မှုလမ်းကို ရွေးချယ်ရမည့်အစား တင်းမာမှုများ မြင့်တက်စေမည့်လမ်းကို  ရွေးချယ်သွားသောကြောင့် အလွန်ဆိုးဝါးသော လုံခြုံရေးပဋိပက္ခကို ဖြစ်ပေါ်စေကြောင်း မြောက်ကိုရီးယား တာဝန်ရှိသူတစ်ဦးက ပြောသည်။

သို့သော် ယခုကဲ့သို့စစ်ရေး လေ့ကျင့်ခန်းများ လုပ်ရခြင်းသည် စစ်ဖြစ်ချိန်တွင် တောင်ကိုရီးယားရှိ  အမေရိကန်တပ်ဖွဲ့များ အပေါ် ကွပ်ကဲမှု ပိုမိုရရှိနိုင်စေရေးအတွက် ရည်ရွယ် လုပ်ဆောင်ခြင်းဖြစ်ကြောင်း ပူးတွဲ စစ်ဦးစီးချုပ်များရုံး၏ ထုတ်ပြန်ချက်တွင်

ဖော်ပြထားကြောင်း သိရသည်။