မြောက်ကိုရီးယားနှင့် တွေ့ဆုံဆွေးနွေးရေး အတွက် မူဝါဒပြောင်းလဲရန် လိုအပ်လာသည့် အမေရိကန်

အမေရိကန် အစိုးရအနေဖြင့်  မြောက်ကိုရီးယားနှင့် မည်သည့်နေရာ၊ မည်သည့်အချိန်တွင်မဆို တွေ့ဆုံဆွေးနွေးရန်အသင့် ရှိကြောင်း မြောက်ကိုရီးယား ဆိုင်ရာ အမေ ရိကန် အထူးသံတမန် ဆွန်ကင်က ဇွန် ၂၁ ရက်တွင် ပြောကြားသည်။

ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် ကြိုတင်သတ်မှတ်ချက်များ ထားရှိခြင်းမပြုဘဲ ဆွေးနွေးမည်ဟု ၎င်းကဆက်လက်ပြောကြားပြီး  အမေရိကန်အစိုးရ၏ ကမ်းလှမ်းချက်ကို  မြောက်ကိုရီးယား နိုင်ငံက အပြုသဘောဆောင်စွာ တုံ့ပြန်မည်ဟု မျှော်လင့်ကြောင်း ဆွန်ကင်က ထပ်လောင်း ပြောကြားသည်။

အမေရိကန်အစိုးရ၏ တွေ့ဆုံဆွေးနွေးရန် အသင့်ရှိသည်ဟူသော  အဆိုပါ ကမ်းလှမ်းချက်သည်  အမေရိကန်အစိုးရက မြောက်ကိုရီးယားနိုင်ငံနှင့် စပ်လျဉ်း၍ ချဉ်းကပ် လုပ်ဆောင်မှုကို  မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်က ပြီးခဲ့သည့်ရက်သတ္တပတ်အတွင်း ပြောကြားပြီးနောက်ပိုင်း ထွက်ပေါ်လာခြင်းဖြစ်သည်။

မြောက်ကိုရီးယား အစိုးရအနေဖြင့် အမေရိကန်သမ္မတ  ဂျိုးဘိုင်ဒင်လက်ထက်တွင် အမေရိကန်အစိုးရနှင့်  တွေ့ဆုံဆွေးနွေးရန် သို့မဟုတ် ထိပ်တိုက်ရင်ဆိုင်ရန် အသင့်ပြင် ဆင်ထားရမည်ဖြစ်ကြောင်း ခေါင်းဆောင်ကင်က ကိုရီးယား အလုပ်သမားပါတီ၊ ဗဟို ကော်မတီ၏ မျက်နှာစုံညီဆွေးနွေးပွဲ တစ်ရပ်တွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

မြောက်ကိုရီးယားနိုင်ငံ၏ ဂုဏ်သိက္ခာကို ကာကွယ်ရန်နှင့် တည်ငြိမ်အေးချမ်းသည့်ပတ်ဝန်းကျင်တစ်ရပ်ကို     အာမခံပေးရန်  ထိပ်တိုက်ရင်ဆိုင်ရေး အတွက် ကြိုတင်ပြင်ဆင်ခြင်းသည်   နိုင်ငံအတွက်  အလွန်အရေးကြီးကြောင်း   ခေါင်းဆောင်ကင်က အဆိုပါ ဆွေးနွေးပွဲ၌ ထပ်လောင်းပြောကြားခဲ့သည်။

ထို့ပြင် ဂျိုးဘိုင်ဒင် ဦးဆောင်သည့် အမေရိကန်အစိုးရသည် မြောက်ကိုရီးယား နိုင်ငံအပေါ် ရန်လိုသော မူဝါဒများ  ဆက်လက်စွဲကိုင်ထားသည်ဟု  မြောက်ကိုရီးယား အစိုးရက အစောပိုင်းကတည်းက  စွပ်စွဲထားပြီး အမေရိကန် အစိုးရအနေဖြင့် သံတမန်နည်းလမ်းအပြင် မြောက်ကိုရီးယား၏ ပြင်းထန်သော ဟန့်တားမှုနှင့် ရင်ဆိုင်ရမည်ဟု မြောက်ကိုရီးယား အစိုးရက  သတိပေးပြောကြားထားပြီးဖြစ်သည်။ တစ်နည်းအားဖြင့် ဆိုရပါမူ ဂျိုးဘိုင်ဒင် ဦးဆောင်သည့် အမေရိကန် အစိုးရအနေဖြင့်   မြောက်ကိုရီးယား နိုင်ငံအပေါ် ရန်လိုသော မူဝါဒများကို ပြောင်းလဲခြင်း မရှိပါက ပြင်းထန်သည့် တုံ့ပြန်မှုများနှင့် ရင်ဆိုင်ရဖွယ်ရှိကြောင်း မြောက်ကိုရီးယားက ဆိုလိုခြင်းဖြစ်သည်။

အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့် လက်ထက်တွင် ခေါင်းဆောင်ကင်နှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်နိုင်ခဲ့သော်လည်း    ခိုင်မာသည့် သဘောတူညီချက် တစ်ရပ်ချမှတ်နိုင်ခြင်း မရှိပေ။ ယင်းနောက်တွင်  ထရမ့်သမ္မတ ရာထူးမှနုတ်ထွက်သွားခဲ့ရသောကြောင့်  နှစ်နိုင်ငံကြား  ဆွေးနွေးပွဲများ ဆက်လက် ကျင်းပမည့် အလားအလာရပ်ဆိုင်းသွားခဲ့ရသည်။

ထရမ့်အလွန် သမ္မတအဖြစ် တက်ရောက်လာသည့်  ဂျိုးဘိုင်ဒင် အနေဖြင့် မြောက်ကိုရီးယား အစိုးရဘက်မှ ပြောင်းလဲမှုများ မရှိပါက တွေ့ဆုံဆွေးနွေးမည့် မူဝါဒချမှတ်မည် မဟုတ်ဟု  ခံယူထားသည့်အပြင်  မြောက်ကိုရီးယား၏ နျူကလီးယား အစီအစဉ်နှင့် စပ်လျဉ်း၍ စေ့စပ်ညှိနှိုင်းမှုများ လုပ်ဆောင်ရာတွင်လည်း လက်ဆုပ်လက်ကိုင် ပြနိုင်ပြီး ခိုင်ခံ့သည့် စီမံချက်များမရှိပါက   ခေါင်းဆောင်ကင်နှင့် တွေ့ဆုံမည် မဟုတ်ကြောင်း  ဝါရှင်တန်မြို့သို့  တောင်ကိုရီးယား သမ္မတ မွန်ဂျေးအင်ရောက်ရှိစဉ်  ဂျိုးဘိုင်ဒင်က ပြောကြားခဲ့သည်။

ဂျိုးဘိုင်ဒင်အနေဖြင့်     ထရမ့်အစိုးရ လက်ထက်ကကဲ့သို့  မြောက်ကိုရီးယားနှင့် တွေ့ဆုံဆွေးနွေးပွဲများ ကျင်းပမည် မဟုတ်ဟု   ဆိုလိုခြင်းဖြစ်သည်။  ဂျိုးဘိုင်ဒင်၏  အဆိုပါ မှတ်ချက်များသည်    မြောက်ကိုရီးယား - အမေရိကန် ဆက်ဆံရေးတွင်   အပြုသဘော မဆောင်သည့်ရလဒ်များ ထွက်ပေါ်စေခဲ့သည်ဟုဆိုနိုင်သည်။

ဂျိုးဘိုင်ဒင်အစိုးရသည်   ယခင်က မြောက်ကိုရီးယားအရေးနှင့် စပ်လျဉ်း၍ သဘောထား တင်းမာခြင်းကိုပြသခဲ့ပြီး တွေ့ဆုံဆွေးနွေးပွဲများ ကျင်းပရန် အလျှော့ပေးမည့် အလားအလာမရှိပေ။   သို့ရာတွင် မြောက်ကိုရီးယား အစိုးရသည်  ယခုနှစ်အတွင်း    နျူကလီးယား စမ်းသပ်မှုများ ပြန်လည်စတင် လုပ်ဆောင်လာနိုင်သည်ဟု အမေရိကန်ထောက်လှမ်းရေးမှ တာဝန်ရှိသူများ၏ သတိပေးချက် ထွက်ပေါ်လာခြင်းကြောင့်    အမေရိကန်အစိုးရ အနေဖြင့်   မြောက်ကိုရီးယားအရေးနှင့်  ပတ်သက်၍  ၎င်းတို့၏ ရပ်တည်ချက်၊    သဘောထားကို  အနည်းငယ် ပြောင်းလဲခဲ့ခြင်းဖြစ်ပြီး ဂျိုးဘိုင်ဒင်အနေဖြင့်   မြောက်ကိုရီးယား နှင့် တွေ့ဆုံဆွေးနွေးရန်    ခြေဦးပြန်လှည့် လာရခြင်းဖြစ်သည်။အဘယ်ကြောင့်ဆိုသော်  မြောက်ကိုရီးယား အစိုးရသည် နိုင်ငံတကာ၏ ဖိအားပေးမှုကို   ဦးညွှတ်မည့် အလားအလာမရှိကြောင်း အမေရိကန်က နားလည် သဘောပေါက်ထားခြင်းကြောင့် ဖြစ်သည်။

ဂျိုးဘိုင်ဒင်အနေဖြင့်  ယခင်က မည်သို့သော မူဝါဒများ  ချမှတ်ကျင့်သုံးခဲ့စေကာမူ ယခုအခါ နျူကလီးယား စမ်းသပ်မှု  ထပ်မံမပြုလုပ်စေရေး   မြောက်ကိုရီးယားနှင့် တွေ့ဆုံဆွေးနွေးရေး အတွက်   မူဝါဒပြောင်းလဲ ချမှတ်ရန် လိုအပ်လာပြီ ဖြစ်ပါကြောင်း ရေးသား တင်ပြလိုက်ရပါသည်။  

Ref: CNA, Sputnik