ယခုဆောင်းရာသီမှာ လောင်စာဆီဖိုးပေးချေရမှုကြောင့် ဗြိတိန်အိမ်ထောင်စုသုံးပုံတစ်ပုံခန့်လူမွဲဖြစ်သွားနိုင်

ယခုဆောင်းရာသီမှာ လောင်စာဆီဖိုးပေးချေရမှုကြောင့် ဗြိတိန်အိမ်ထောင်စုသုံးပုံတစ်ပုံခန့်လူမွဲဖြစ်သွားနိုင်

ကမ္ဘာ့လောင်စာဆီဈေး  စံချိန်တင်မြင့် တက်မှုက ကမ္ဘာပေါ်ရှိ ဘယ်နိုင်ငံကိုမဆိုနဲ့ဘယ်ပြည်သူကိုမဆို ဒုက္ခကောင်းကောင်းကြီးပေးလျက်ရှိပါတယ်။တစ်ချိန်က နေမဝင်အင်ပါယာလို့တင်စားကြွေးကြော်နိုင်ခဲ့တဲ့ ဗြိတိန်နိုင်ငံမှ အိမ်ထောင်စုများသည်လည်း    အခုအချိန်မှာ လောင်စာဆီဖိုးနဲ့မွဲရတော့မယ့်ကိန်းဆိုက်နေပါပြီ။

အထူးသဖြင့် မကြာမီကျရောက်လာမယ့်ဆောင်းရာသီမှာ ဗြိတိန်အိမ်ထောင်စုသုံးပုံတစ်ပုံခန့်က  လောင်စာဆီဖိုးပေးချေရပြီးနောက်   လူမွဲစာရင်းဝင်သွားနိုင်တယ်လို့ လေ့လာသူများကပြောပါတယ်။End Fuel Poverth Coalition (EF-PC)  ဆိုတဲ့အဖွဲ့ရဲ့ သြဂုတ် ၉ ရက်ထုတ်ပြန်ချက်အရ ဗြိတိန်အိမ်ထောင်စုပေါင်း ၁၀ သန်းခွဲခန့်ဟာ   လာမယ့်နှစ်ပထမသုံးလအတွင်း လောင်စာဆီဖိုးကြောင့်မွဲသွားနိုင်တယ်လို့သိရပါတယ်။
လောင်စာဆီဖိုးကြောင့်   မွဲနိုင်တယ်ဆိုတာက အိမ်ထောင်စုတွေဟာ လောင်စာဆီဖိုးစရိတ်ပေးချေပြီးပါက   သူတို့ရဲ့ဝင်ငွေဟာ   အခြေခံစားဝတ်နေရေးအတွက် အနည်းဆုံးလိုအပ်တဲ့ပမာဏတောင်မှ   မရှိတော့တဲ့အခြေအနေကို  ဆိုလိုခြင်းဖြစ်ပါတယ်။ဗြိတိန်အစိုးရက ပြီးခဲ့တဲ့နှစ်မှာ တစ်နှစ်စာကာလအတွင်း    ပျမ်းမျှဝင်ငွေ စတာလင်ပေါင် ၃၁၀၀၀ ရဲ့    ၆၀ ရာခိုင်နှုန်း အောက်သာရရှိတဲ့   အိမ်ထောင်စုတွေကို ဆင်းရဲမွဲတေသူများအဖြစ်သတ်မှတ်ထားပါတယ်။EFPC  ရဲ့ယခုခန့်မှန်းထုတ်ပြန်ချက်တွေကလည်း သုတေသနကုမ္ပဏီတစ်ခုဖြစ်တဲ့ Cornwell Insight  ရဲ့    သြဂုတ် ၉ ရက်ထုတ်ပြန်ချက်ကို   ရည်ညွှန်းကိုးကားထားတာပါ။

Cornwell Insight   ရဲ့ထုတ်ပြန်ချက်ထဲမှာတော့ ပျမ်းမျှအားဖြင့်  အိမ်ထောင်စုတစ်စုရဲ့   လောင်စာဆီကုန်ကျစရိတ်ဟာ အောက်တိုဘာလကစလို့  တစ်နှစ်တာအတွက်ဆိုရင် ၃၅၈၂ ပေါင်ကျသင့်မှာဖြစ်ပြီး လာမယ့်နှစ် ဇန်နဝါရီလကစတွက်မယ်ဆိုရင်တော့ တစ်နှစ်တာအတွက် ၄၂၆၆ ပေါင်ကျသင့်မယ်လို့ဖော်ပြထားပါတယ်။အဲဒီပမာဏဟာ ပျမ်းမျှအားဖြင့် တစ်လကိုလောင်စာဆီအသုံးစရိတ် ၃၅၅ ပေါင်အသုံးပြုနေရမယ်လို့ဆိုလိုတာလည်းဖြစ်ပါတယ်။
ဒါ့အပြင်   ဇန်နဝါရီလအတွက် ခန့်မှန်းချက်က   လောင်စာဆီကုန်ကျစရိတ်ဟာ လက်ရှိအခြေအနေထက် ၁၁၆ ရာခိုင်နှုန်း တိုးလာနိုင်တယ်ဆိုတာကို ဖော်ညွှန်းနေပါတယ်။လောင်စာဆီဈေးနှုန်းတွေက  အချိန်နဲ့အမျှ   အပြောင်းအလဲမြန်ဆန်လွန်းနေတဲ့အတွက်  ခန့်မှန်းသူများကတောင် အတိအကျမခန့်မှန်းနိုင်တော့တဲ့အထိကိုဖြစ်လာပါပြီ။Cornwell Insight ရဲ့ ပြီးခဲ့တဲ့သီတင်းပတ်ထုတ်ပြန်ချက်ကို    ကြည့်မယ်ဆိုရင် ဇန်နဝါရီလအတွက် လောင်စာဆီကုန်ကျ စရိတ်က လက်ရှိအခြေအနေထက်    ၈၃ ရာခိုင်နှုန်းမြင့်တက်မယ်လို့ဖော်ပြထားတာကိုတွေ့ရပါတယ်။ အခုတော့ ၁၁၆ ရာခိုင်နှုန်းအထိတိုးမြှင့်ခန့်မှန်းလိုက်ပါပြီ။လောင်စာဆီဈေးနှုန်းတွေမြင့်တက်လာရခြင်းအကြောင်းရင်းက    ပြီးခဲ့တဲ့နှစ်မှာ ဈေးကွက်ထဲကို   သဘာဝဓာတ်ငွေ့တင်ပို့ရောင်းချနိုင်မှုနည်းပါးတဲ့အတွက်ကြောင့်ဖြစ်တဲ့အပြင် ရုရှား-ယူကရိန်းပဋိပက္ခမှာ အနောက်အုပ်စုက ရုရှားအပေါ်အရေးယူပိတ်ဆို့မှုကလည်း   အကြောင်းရင်းတစ်ခုအဖြစ်ပါဝင်ပါတယ်။ 

လက်ရှိ    ဗြိတိန်နိုင်ငံသားတွေဟာ ယခုနှစ်အတွင်း  အိမ်အသုံးစရိတ်    ၅၄ ရာခိုင်နှုန်းမြင့်တက်မှုနဲ့ရင်ဆိုင်နေရပါတယ်။ ဒီကြားထဲကမှ ဆောင်းတွင်းရောက်ပြီဆိုရင်  အနွေးဓာတ်ရရှိရေးအတွက်   လောင်စာဆီပိုမိုလိုအပ်တာကြောင့်   ဝင်ငွေနည်းတဲ့မိသားစုတွေဟာ  အစားအသောက်လား၊ အနွေးဓာတ်ရရှိရေးလားဆိုတဲ့  မဖြစ်မနေလိုအပ်ချက်နှစ်ခုအနက်  တစ်ခုကိုသာ ရွေးချယ်ရတော့မယ့်  အခြေအနေဖြစ်လာပါတယ်။