ယခုနှစ်တွင် လူထုတစ်ရပ်လုံး ကိုယ်ခံအားမရရှိနိုင်ကြောင်း ပညာရှင်များပြော

 

ဆစ်ဒနီ၊ ကျန်းမာရေး

နိုင်ငံအများအပြား၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ဖြန့်ချိထိုးနှံပေးနေသော်လည်း ယခုနှစ်တွင် လူထုတစ်ရပ်လုံး ကိုယ်ခံအားမရရှိနိုင်ကြောင်း ကျန်းမာရေး ကျွမ်းကျင်ပညာရှင်များက ဇန်နဝါရီ ၁၁ ရက်တွင်ပြောသည်။

ဆင်းရဲသောနိုင်ငံများအနေဖြင့် ကာကွယ်ဆေးမရရှိမှု၊ ပြည်သူလူထု၏ယုံကြည်မှု ပြဿနာများနှင့် ဖြစ်လာနိုင်သောဗိုင်းရပ်၏ ဗီဇပြောင်းမှုများကြောင့် ဖြစ်ကြောင်းနှင့် လူသားများအနေဖြင့် ပုံမှန်အတိုင်း သွားလာလှုပ်ရှားမှုကို အချိန်တိုအတွင်း ရရှိနိုင်မည်မဟုတ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ တာဝန်ရှိသူ ဖြစ်သည့် ဒဲဖစ်ရှာကပြောသည်။

ကိုဗစ်-၁၉ ရောဂါကို တိုက်ထုတ်နိုင်ရေးအတွက် လူထုတစ်ရပ်လုံးကိုယ်ခံအားရရှိရေးနှင့် နိုင်ငံ အများအပြားတွင် ထိုသို့ကိုယ်ခံအားရရှိရေးက အရေးကြီးသည်ကိုသိရှိကြောင်း၊ ထို့ကြောင့် ယခုနှစ် အတွင်း လူထုတစ်ရပ်လုံး  ကိုယ်ခံအားရရှိရေးကို မြင်တွေ့နိုင်ဖွယ်မရှိကြောင်း  ၎င်းကဆက်ပြောသည်။

နိုင်ငံအချို့အနေဖြင့် လူထုတစ်ရပ်လုံး ကိုယ်ခံအားရရှိသွားနိုင်သော်လည်း နယ်စပ်ထိန်းချုပ်ရေးကိုမူ ပုံမှန်အတိုင်း လုပ်ဆောင်နိုင်ဦးမည်မဟုတ်ကြောင်း၊ လက်ရှိ ကာကွယ်ဆေးရရှိမှုအပေါ် အခြေခံပါက ယခုကဲ့သို့ခန့်မှန်းမှုက အကောင်းဆုံးအခြေအနေကို ခန့်မှန်းထားခြင်းဖြစ်ကြောင်း  ဒဲဖစ်ရှာကပြောသည်။

လူထုတစ်ရပ်လုံး ကိုယ်ခံအားရရှိခြင်းဆိုသည်မှာ ပြည်သူလူထုတစ်ရပ်လုံးနီးပါးအနေဖြင့် ကိုဗစ်-၁၉ ရောဂါကိုကာကွယ်နိုင်သည့် ကိုယ်ခံအားကိုပိုင်ဆိုင်ခြင်းဖြစ်သည်။ ထိုသို့ပိုင်ဆိုင်မှသာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုကို ရပ်တန့်နိုင်မည်ဖြစ်ပြီး ထိုသို့ကိုယ်ခံအားရရှိရေးအတွက် ကာကွယ်ဆေးရရှိမှုအပေါ်   များစွာမူတည်နေကြောင်းသိရသည်။

Ref: Bangkok Post