ယခုဘဏ္ဍာနှစ်အတွင်း နိုင်ငံတစ်ဝန်း ဝါစိုက်ဧက လေးသိန်း လျာထားစိုက်ပျိုးမည်

ယခုဘဏ္ဍာနှစ်အတွင်း နိုင်ငံတစ်ဝန်း ဝါစိုက်ဧက လေးသိန်း လျာထားစိုက်ပျိုးမည်

နေပြည်တော် သြဂုတ် ၂၅

၂ဝ၂ဝ-၂ဝ၂၁ ဘဏ္ဍာနှစ်တွင် ဝါစိုက်ဧကလေးသိန်း လျာထားစိုက်ပျိုးမည်ဖြစ်ကြောင်း စိုက်ပျိုးရေးဦးစီးဌာန(ရုံးချုပ်) ဝါနှင့်လျှော်မျှင်သီးနှံ ဌာနခွဲမှ သိရသည်။

မြန်မာနိုင်ငံတွင် ဝါသီးနှံကို  စစ်ကိုင်းတိုင်းဒေသကြီး၊  မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး(အနောက်)၊ နေပြည်တော်၊ ရှမ်းပြည်နယ်နှင့်ချင်းပြည်နယ်တို့၌စိုက်ပျိုးပြီး  ချင်းပြည်နယ်တွင် ချည်မျှင်တိုဝါကိုအဓိကထား စိုက်ပျိုးကာ  မန္တလေးတိုင်းဒေသကြီးနှင့်  မကွေးတိုင်းဒေသကြီး တို့တွင် ဝါစိုက်ဧကအများဆုံး စိုက်ပျိုးကြသည်။

မြန်မာနိုင်ငံတွင် ဝါသီးနှံအား ချည်မျှင်ရှည်ဝါနှင့် ချည်မျှင်တိုဝါဟူ၍ နှစ်မျိုးစိုက်ပျိုးသော်လည်း ချည်မျှင်ရှည်ဝါကိုသာ အများဆုံး စိုက်ပျိုးကြသည်။ ဝါကို မိုးကြို၊ မိုးလယ်၊ မိုးနှောင်းဟူ၍  သုံးရာသီ စိုက်ပျိုးလေ့ရှိရာ ၂ဝ၁၉-၂ဝ၂ဝ ဘဏ္ဍာနှစ်တွင် ၃၈၉၉၆၄ ဧကစိုက်ပျိုးခဲ့ပြီး    ၂ဝ၂ဝ-၂ဝ၂၁ ဘဏ္ဍာနှစ်တွင် စိုက်ဧကလေးသိန်းခန့်အထိ စိုက်ပျိုးရန် လျာထားကြောင်း သိရသည်။

''လက်ရှိမှာတော့ ချည်မျှင်ရှည်ဝါကို ရာသီအလိုက် မိုးကြို၊ မိုး၊ မိုးနှောင်းဆိုပြီး  သုံးရာသီစိုက်ပါတယ်။  မိုးကြိုကိုတော့ ဖေဖော်ဝါရီလမှာ စစိုက်တယ်။ မိုးကိုတော့ မေ၊ ဇွန်လတွေမှာ စစိုက်ပါတယ်။ မိုးနှောင်းကတော့ သြဂုတ်လလယ်ကနေ စစိုက်ပါတယ်။ မြန်မာနိုင်ငံမှာတော့ မိုးနှောင်း   ချည်မျှင်ရှည်ဝါစိုက်ဧကက အများဆုံးဖြစ်ပါတယ်။ ဥပမာ- မနှစ်ကဆိုရင် မိုးကြိုက ၃၈ဝဝ ကျော်စိုက်ပြီးတော့ မိုးက ၅ဝဝဝဝ ကျော်စိုက်ပါတယ်။

မိုးနှောင်းကတော့ ၂၉ဝဝဝဝ ကျော်စိုက်ပါတယ်။ ချည်မျှင်တိုဝါကိုတော့ မိုးမှာဧက အနည်းငယ်စိုက်ပါတယ်။

ချည်မျှင်တိုဝါအနေနဲ့ကတော့ မနှစ်က ၄၅ဝဝဝ ကျော်စိုက်ပြီး အားလုံး စုစုပေါင်း ၃၉ဝဝဝဝ နီးပါးလောက်စိုက်ပျိုးခဲ့ပါတယ်''ဟု စိုက်ပျိုးရေးဦးစီးဌာန(ရုံးချုပ်)ဝါနှင့်လျှော်မျှင်သီးနှံဌာနခွဲမှတာဝန်ရှိသူတစ်ဦးကပြောသည်။

''ချည်မျှင်တိုဝါ အထွက်နှုန်းကတော့ တစ်ဧကကို ပိဿာ ၁၁၅ မှ ၁၂ဝ ပိဿာ လောက်ပဲထွက်ပါတယ်။ ချည်မျှင်ရှည်ဝါ အထွက်နှုန်းကတော့ တိုင်းဒေသကြီးနေရာ ဒေသအလိုက် ကွဲပြားမှုတော့ရှိပါတယ်။ တစ်ဧကအနည်းဆုံး ပိဿာ ၄၂ဝ မှ ၅၆၅ ပိဿာလောက်ထိတော့ ထွက်ပါတယ်။ ဌာနအနေနဲ့ကတော့ ဝါစိုက်တောင်သူတွေ အတွက် ပညာပေးအစီအစဉ်အနေနဲ့ စိုက်နည်းစနစ်စံပြကွက်များ၊ မျိုးယှဉ်ပြိုင်စံပြကွက်များ စိုက်ပျိုးပြီး ကွင်းသရုပ်ပြပွဲများ ဆောင်ရွက်ပေးလျက်ရှိပါတယ်။ ဝါနှင့်သီးညှက် စိုက်နိုင်သည့် သီးနှံပုံစံများကို စံပြကွက်များမှာပြသပြီး ပညာပေး လုပ်ငန်းဆောင်ရွက်ပေးနေပါတယ်။ ဝါနဲ့ သီးညှပ်စိုက်နိုင်တဲ့ ကြားသီးနှံတွေ၊ တောင်သူတွက်ခြေကိုက်မှု အနေအထားတွေကို စံပြ ကွက်တွေမှာပြသပြီးတော့   ပညာပေးလုပ်ငန်းများ လုပ်တာရှိပါတယ်။ ဒါ့အပြင် စိုက်နည်း စနစ်တွေ၊ သီးညှပ်စိုက်တဲ့ စနစ်တွေကို သင်တန်းပြသပေးတာတွေလည်းရှိတဲ့အပြင် မျိုးထုတ်တောင်သူတွေအတွက် ဝါမျိုးထုတ် တဲ့အခါမှာ ဆောင်ရွက်ရမယ့် စိုက်နည်းစနစ် တွေ၊ စိုက်ရမယ့်နည်းပညာပေး လုပ်ငန်းတွေကိုလည်း  သင်တန်းပေးတာတွေကိုလည်း လုပ်ဆောင်ပေးနေပါတယ်''ဟု ၎င်းက ဆက်လက်ပြောသည်။

မြန်မာနိုင်ငံတွင် ဝါသီးနှံအား ချည်မျှင် ရှည်ဝါနှင့် ချည်မျှင်တိုဝါဟူ၍ နှစ်မျိုးစိုက်ပျိုး သော်လည်း ချည်မျှင်ရှည်ဝါကိုသာ အများဆုံး စိုက်ပျိုးကြကြောင်း၊ ဝါကို မိုးကြို၊ မိုးလယ်၊ မိုးနှောင်းဟူ၍  သုံးရာသီစိုက်ပျိုးလေ့ရှိ ကြောင်း၊ ၂ဝ၁၉-၂ဝ၂ဝ ဘဏ္ဍာနှစ်တွင် ၃၈၉၉၆၄ ဧကစိုက်ပျိုးခဲ့ပြီး ၂ဝ၂ဝ-၂ဝ၂၁ ဘဏ္ဍာနှစ်တွင် စိုက်ဧကလေးသိန်းခန့်အထိ စိုက်ပျိုးရန်လျာထားကြောင်း သိရသည်။

ဝါစိုက်တောင်သူများအတွက် နိုင်ငံတော် မှ၂ဝ၂၁ ခုနှစ် မိုးနှောင်းရာသီတွင် ပြည် ထောင်စုရန်ပုံငွေမှ မျိုးစေ့ထုတ်ရန် မျိုးစေ့ ထုတ်တောင်သူများအား မျိုးစေ့ထုတ်ဧက ၈၇ဝ ဧကအတွက် မျိုးစေ့အခမဲ့ထောက်ပံ့ ထားသည့်အပြင် တိုင်းဒေသကြီးနဲ့ ပြည်နယ် အလိုက် မျိုးထုတ်တောင်သူတွေအတွက်ကို မျိုးစေ့၊ လူးနယ်ဆေးတို့ထောက်ပံ့မှုများကိုပေးကြောင်း၊ ထို့ကြောင့် ဝါစိုက်တောင်သူတွေအနေဖြင့် စိုက်ချိန်ကို ရာသီဥတုအပေါ်မူတည်ပြီးအတိုးအလျှော့ လုပ်ပြီးစိုက်ခြင်း အားဖြင့် ဝါသီးနှံထုတ်လုပ်မှုတွင် အထွက် နှုန်းပိုလာမည်ဖြစ်ကြောင်း၊ ထို့ပြင် ရာသီချိန်မှန်မှု၊ ရောဂါပိုးမွှားကျရောက်မှု၊ အသီး ထွက်ရှိမှုတွေမှာ တောင်သူတွေအနေဖြင့် ဂရုပြုပြီးစိုက်ပျိုးနိုင်ရန် ပိုးမွှားနှိမ်နင်းရေး သင်တန်းများပေးလျက်ရှိခြင်းကြောင့် နည်း ပညာများလည်းရယူနိုင်ကြောင်း၊ ယခုနှစ် မိုးရွာသွန်းမှုကြောင့် မိုးနှောင်းစိုက်တောင်သူ များအထွက်တိုးနိုင်မည်ဟု ကျွမ်းကျင်သူများ ကခန့်မှန်းထားကြောင်း သိရသည်။