ယခုဘောလုံးရာသီ၌ စီရော်နယ်ဒို အသင်းပြောင်းမည်မဟုတ်ဘဲ ဂျူဗင်တပ်စ် အသင်းတွင်သာဆက်ရှိနေမည်ဖြစ်ကြောင်း နည်းပြ အယ်လီဂရီနီအတည်ပြု

ရောမ၊ ဘောလုံး

ဂျူဗင်တပ်စ်အသင်းနည်းပြ အယ်လီဂရီနီက ယခုဘောလုံးရာသီ၌ တိုက်စစ်မှူး စီရော်နယ်ဒိုအနေ ဖြင့်  အသင်းပြောင်းမည် မဟုတ်ဘဲ ဂျူဗင်တပ်စ်အသင်း တွင်သာ ဆက်ရှိနေမည်ဖြစ်ကြောင်း အတည်ပြုပြော ကြားခဲ့သည်။

၂၀၁၈ ခုနှစ်က ရီးယဲလ်မက်ဒရစ်အသင်းမှ ဂျူဗင်တပ်စ်အသင်းသို့  ပြောင်းရွှေ့ကစားခဲ့သည့် စီရော်နယ်ဒိုသည် ဂျူဗင်တပ်စ် အသင်းနှင့်  စာချုပ် သက်တမ်း ၁၀ လခန့်သာကျန်ရှိတော့ပြီး သက်တမ်း တိုးစာချုပ်ချုပ်ဆိုဖွယ်မရှိသည့် အခြေအနေများကြောင့် အပြောင်းအရွှေ့ကာလအစပိုင်းကတည်းက အနာဂတ်မရေမရာဖြစ်နေသူဖြစ်သည်။

ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက ဂျူဗင်တပ်စ်အသင်းသည်  စီရော်နယ်ဒိုကို  မြင့်မားသည့်လုပ်ခလစာပေး ချေနေရမှုကြောင့်   အသင်း ဘဏ္ဍာရေးအကျပ် အတည်း   တွေ့ကြုံနေရသကဲ့သို့  သက်တမ်းတိုး စာချုပ်မချုပ်ဆိုနိုင်ပါက လာမည့်နှစ်အပြောင်းအရွှေ့ ကာလတွင် အလွတ်ပြောင်းရွှေ့ကြေးဖြင့် လက်လွှတ်ရမည့် အခြေအနေများကြောင့် လက်ရှိကစားသမား အပြောင်းအရွှေ့ကာလတွင်  စတာလင်ပေါင်  ၂၆ သန်းခန့်ဖြင့်ပင်ရောင်းချရန်   ပြင်ဆင်နေသည်ဟု သတင်းများထွက်ပေါ်ခဲ့သကဲ့သို့  အေးဂျင့်ဂျော့မန် ဒက်စ်သည်   အပြောင်းအရွှေ့အတွက်  မန်စီးတီး အသင်းနှင့် အသင်းဟောင်းရီးယဲလ်မက်ဒရစ် အသင်းတို့မှ တာဝန်ရှိသူများနှင့်တွေ့ဆုံပြီး   ချိတ် ဆက်မှုများ ပြုလုပ်နေပြီဟု  သတင်းများထွက်ပေါ် ခဲ့သည်။

နည်းပြ အယ်လီဂရီနီက “စီရော်နယ်ဒိုအနေနဲ့ အသင်းမှာပဲဆက်ရှိနေမှာပါ။ အခုဘောလုံးရာသီမှာ အသင်းမှာကစားဖို့ သူကိုယ်တိုင် ပြောထားပြီးသားပါ။ သူနဲ့ကျွန်တော်လည်း ဆွေးနွေးမှုတွေပြုလုပ်ပြီးပါပြီ” ဟု ပြောသည်။

Ref;Dello Sports