ယူရိုပြိုင်ပွဲ ဗိုလ်လုပွဲတွင် လုံခြုံရေးအားနည်းမှုများရှိခဲ့သော်လည်း ၂၀၂၄ ချန်ပီယံလိဂ် ဗိုလ်လုပွဲစဉ်ကို ဝင်ဘလေအားကစားကွင်း၌သာကျင်းပမည်

ယူရိုပြိုင်ပွဲ ဗိုလ်လုပွဲတွင် လုံခြုံရေးအားနည်းမှုများရှိခဲ့သော်လည်း ၂၀၂၄ ချန်ပီယံလိဂ် ဗိုလ်လုပွဲစဉ်ကို ဝင်ဘလေအားကစားကွင်း၌သာကျင်းပမည်

ဥရောပဘောလုံးအဖွဲ့ချုပ် (ယူအီးအက်ဖ်အေ) က ပြီးခဲ့သည့်  ယူရို ၂၀၂၀ ပြိုင်ပွဲတွင် လုံခြုံရေး အားနည်းသည့်ဖြစ်စဉ်များ ဖြစ်ပွားခဲ့သော်လည်း ၂၀၂၄ ချန်ပီယံလိဂ် ဗိုလ်လုပွဲစဉ်ကို  အင်္ဂလန်နိုင်ငံ ဝင်ဘလေအားကစားကွင်း၌သာ  ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

ယူရို ၂၀၂၀ ဗိုလ်လုပွဲစဉ်ကို အင်္ဂလန်နိုင်ငံ ဝင်ဘလေအားကစားကွင်း၌ ကျင်းပရာ   အင်္ဂလန်အသင်း ပရိသတ်များအနေဖြင့် လက်မှတ်မပါဘဲ လုံခြုံရေးတပ်ဖွဲ့ဝင်များကို   ကျူးကျော်ဝင်ရောက်ခဲ့သည့်ဖြစ်စဉ်၊ ပွဲကစားချိန်အတွင်း ပရိသတ်တစ်ဦး ကွင်းအတွင်း ဝင်ရောက်သည့်ဖြစ်စဉ်နှင့်  ပွဲချိန်တွင် မီးရှူးမီးပန်းများဖြင့်       ပစ်ဖောက်နှောင့်ယှက်သည့် ဖြစ်စဉ်များ ဖြစ်ပွားခဲ့သည့်အတွက် ဥရောပဘောလုံးအဖွဲ့ချုပ်က အင်္ဂလန်ဘောလုံး အဖွဲ့ချုပ်အား ပြစ်ဒဏ်နှစ်ကြိမ်ချမှတ်ခဲ့သည်။

ဥရောပဘောလုံးအဖွဲ့ချုပ်သည် ပြီးခဲ့သည့် ချန်ပီယံလိဂ်ဗိုလ်လုပွဲစဉ်ကို တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့၌ ကျင်းပရန်သတ်မှတ်ထားသော်လည်း ကိုဗစ်-၁၉ ရောဂါကြောင့်  ဟန်ဂေရီနိုင်ငံ၌  ပြောင်းလဲကျင်းပခဲ့ရသည်။

ယခုအခါ ဥရောပဘောလုံးအဖွဲ့ချုပ်သည် ပြီးခဲ့သည့်ဘောလုံးရာသီက မကျင်းပနိုင်ခဲ့သည့် တူရကီနိုင်ငံ၌  ၂၀၂၃ ဗိုလ်လုပွဲကို ကျင်းပရန်  ပြန်လည်သတ်မှတ်ပေးခဲ့ပြီး  ၂၀၂၄  ဗိုလ်လုပွဲစဉ်ကို  အင်္ဂလန်နိုင်ငံ ဝင်ဘလေအားကစားကွင်း၌ ကျင်းပရန်သတ်မှတ်ခဲ့ခြင်း ဖြစ်သည်။   

ချန်ပီယံလိဂ်ဗိုလ်လုပွဲစဉ်ကို   ဝင်ဘလေအားကစားကွင်း၌  သုံးကြိမ်ကျင်းပခဲ့ဖူးပြီး နောက်ဆုံးအကြိမ်အဖြစ် ၂၀၁၃ ခုနှစ်ကကျင်းပခဲ့ရာ ဘိုင်ယန်မြူးနစ်အသင်းက ဒေါ့မွန်အသင်းကို  အနိုင်ရရှိခဲ့ကြောင်း သိရသည်။

Ref: UEFA.Com