ရစ်ချတ်ဘရန်ဆန်က ဂျက်ဘီဇော့ထက်ဦးစွာ အာကာသအတွင်းသွားမည်

ဆီယက်တဲ၊ အာကာသခရီးသွား

ဗာဂျင်ဂါလက်တစ်ဦးပိုင်ကုမ္ပဏီပိုင်ရှင် ဘီလျံနာသူဌေး ရစ်ချတ်ဘရန်ဆန်က အမေဇုန်ကုမ္ပဏီတည်ထောင်သူ ဂျက်ဘီဇော့ ထက်ဦးစွာ ဇူလိုင် ၁၁ ရက်တွင် အာကာသအတွင်းသွားမည်ဖြစ်ကြောင်း ဗာဂျင်ဂါလက်တစ်ကုမ္ပဏီက ဇူလိုင် ၁ ရက်တွင် ထုတ်ပြန် ထားသည်။

ရစ်ချတ်ဘရန်ဆန်သည် ၎င်း၏ဗာဂျင်ကုမ္ပဏီကစမ်းသပ်မည့် VSS Unity အာကာသယာဉ်ဖြင့် လိုက်ပါသွားမည်ဖြစ်ပြီး ခရီးစဉ် အောင်မြင်ခဲ့ပါက   ပုဂ္ဂလိကအာကာသခရီးသွားလုပ်ငန်းတွင် သမိုင်းမှတ်တိုင်အသစ်တစ်ရပ်ကို စိုက်ထူနိုင်မည်ဖြစ်သည်။

ထို့ပြင် ရစ်ချတ်ဘရန်ဆန်သည် ကိုယ်ပိုင်အာကာသကုမ္ပဏီ၏ အာကာသယာဉ်ဖြင့် ကမ္ဘာ့လေထုအပြင်ဘက်ကို   ရောက်ရှိဖူးသည့် ပထမဆုံးသော အာကာသခရီးသွား ကုမ္ပဏီပိုင်ရှင်ဖြစ်လာမည်ဖြစ်သည်။ ဂျက်ဘီဇော့က ၎င်း၏ညီအစ်ကိုတစ်ဦးအပြင် အာကာသ ခရီးစဉ်ကို အမေရိကန်ဒေါ်လာ ၂၈ သန်းဖြင့်လေလံအောင်သည့်အမည်မဖော်လိုသူတစ်ဦးတို့နှင့်အတူ ဇွန် ၂၀ ရက်တွင် အာကာသခရီးသွားမည်ဟု ကြေညာထားခြင်းဖြစ်သည်။

ဗာဂျင်ဂါလက်တစ်ကုမ္ပဏီသည် အာကာသခရီးသွားလုပ်ငန်း၏   ဦးစီးခေါင်းဆောင်နေရာတွင်ရပ်တည်နေကြောင်း၊ ထိုလုပ်ငန်းသည် အာကာသအတွင်းလူသားတို့ခြေချမှုအတွက် ပြင်ဆင်ခြင်းဖြစ်ကြောင်းနှင့် ကမ္ဘာကြီးကိုကောင်းကျိုးရရှိစေနိုင်ကြောင်း ရစ်ချတ် ဘရန်ဆန်က ပြောထားသည်။

လက်ရှိတွင်ဖွံ့ဖြိုးဆဲဖြစ်သော အာကာသခရီးသွားလုပ်ငန်းသည် နောင်တစ်ချိန်တွင်ရေပန်းစားသည့်လုပ်ငန်းဖြစ်လာနိုင်ပြီး ၂၀၃၀ ပြည့်နှစ်အရောက်တွင် တစ်နှစ်တာလုပ်ငန်းလည်ပတ်မှုငွေကြေးပမာဏ အမေရိကန်ဒေါ်လာ ၃ ဘီလီယံအထိဖြစ်လာနိုင် ကြောင်း သိရသည်။

Ref: TST