ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်း ဒေသကြီး အတွင်းရှိ မြို့နယ်များ၌ ဆူပူအကြမ်းဖက် သူများကြောင့် အပြစ်မဲ့ပြည်သူများ သေဆုံး

နေပြည်တော်  ဧပြီ  ၅

  ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ (၁)ရပ်ကွက်၊ တပင်ရွှေထီးလမ်းနှင့် သမိုင်း (၁ဝ)လမ်းထောင့်ရှိ    ရေမြောင်းအတွင်း၌ ဧပြီ ၃ ရက် နံနက် ၉ နာရီခန့်တွင် အမည်မသိ အမျိုးသမီးအလောင်း ၁ လောင်းအား တွေ့ရှိကြောင်း သတင်းအရ လုံခြုံရေး တပ်ဖွဲ့ဝင်များက တာဝန်ရှိသူများနှင့်အတူ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ရာ သေဆုံးသူ မှာ အသက်(၄ဝ)နှစ်ခန့်ရှိ အမျိုးသမီး ၁ ဦး ဖြစ်ပြီး ပြင်ပထိုးသွင်း ဒဏ်ရာမရှိဘဲ မျက်နှာ ဖူးရောင်ဒဏ်ရာ၊ ဝဲဘက်ခြေမဘေး ပြတ်ရှဒဏ်ရာများနှင့်အတူ နဖူးပေါ်မှဆံပင်များ ရိတ်ထားခြင်း၊ ခြေထောက်နှစ်ဖက်အား စက်ဘီးကျွတ်တာယာဖြင့် ချည်ထားခြင်း၊ လက်နှစ်ဖက်အား ပလတ်စတစ်ကြိုးဖြင့် ချည်နှောင်ထားခြင်း၊   ပါးစပ်အား စက်ဘီးတာယာဖြင့် ပိတ်ဆို့ချည်နှောင်ထားကြောင်း တွေ့ရှိရသည်။    အဆိုပါ  အမျိုးသမီးအလောင်းအား လှိုင်သာယာမြို့နယ် ပြည်သူ့ ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရှိရသည်။

  အလားတူ မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ ၅၃ လမ်းနှင့် မနော်ဟရီလမ်းထောင့်၌ ဧပြီ ၄ ရက်   ည ၈ နာရီ ၄ဝ မိနစ်ခန့်တွင် အမည်မသိ အမျိုးသမီးငယ်တစ်ဦး လမ်းပေါ်တွင် ဝမ်းလျားမှောက် လဲကျနေသဖြင့် လုံခြုံ ရေး တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါ အမျိုးသမီး၏ ဝမ်းဗိုက်တွင် ထိုးသွင်းဒဏ်ရာ ၁ ချက်၊ယာဘက် လက်ကောက်ဝတ်တွင် ကြိုးဖြင့် ချည်နှောင်ထားသည့် အညိုအမည်းစွဲ ပွန်းပဲ့ဒဏ်ရာများ၊ လက်ဆစ်များ၊ ခြေဆစ်များနှင့် ဝဲဘက်ခြေမတို့တွင်   ညိုမည်းစွဲ ပွန်းပဲ့ဒဏ်ရာများဖြင့် သေဆုံးနေကြောင်း တွေ့ရှိရသည်။ အဆိုပါ အမျိုးသမီးအလောင်းနှင့် ပတ်သက်၍ စုံစမ်းဖော်ထုတ်ခဲ့ရာ    ချမ်းမြသာစည်မြို့နယ်၊ အောင်သာယာရပ်ကွက်၊ ၄၅ လမ်းနှင့် ၁၁၇ လမ်းထောင့်တွင် နေထိုင်သူ မထက်ထက်ဝင်း (၁၉)နှစ်(ဘ)ဦးဖြူ ဖြစ်ကြောင်း သိရှိရသည်။

   အထက်ပါဖြစ်စဉ်များတွင် သေဆုံးသူ အမျိုးသမီးအလောင်းများအား သက်ဆိုင်ရာ ရဲစခန်း၌  သေမှုသေခင်း ဖွင့်လှစ်ထားရှိကြောင်းနှင့်  ဖြစ်စဉ်များနှင့် ပတ်သက်၍ ပြစ်မှုကျူးလွန်သူများအား   အမြန်ဆုံး ဖမ်းဆီးရမိရေး  စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိသည်။