ရန်ကုန်တိုင်းဒေသကြီး၊လမ်းမတော်မြို့နယ်၊ အမှတ်(၃) ရပ်ကွက်စီမံ အုပ်ချုပ်ရေးအဖွဲ့မှူးအား အကြမ်းဖက်သူတစ်ဦးက သေနတ်ဖြင့် ပစ်ခတ်ခဲ့မှုကို သွားရောက် စစ်ဆေးနေစဉ် ပေါက်ကွဲမှု ထပ်မံဖြစ်ပွား၍ လုံခြုံရေး တပ်ဖွဲ့ဝင် ၇ ဦး ဒဏ်ရာရရှိ

နေပြည်တော်၊ မေ ၁၈

ရန်ကုန်တိုင်းဒေသကြီး၊ လမ်းမတော်မြို့နယ်၊ အမှတ်(၃) ရပ်ကွက်စီမံ အုပ်ချုပ်ရေးအဖွဲ့မှူးအား အကြမ်းဖက်သူတစ်ဦးက သေနတ်ဖြင့် ပစ်ခတ်ခဲ့မှုကို သွားရောက်စစ်ဆေးနေစဉ် ပေါက်ကွဲမှု ထပ်မံဖြစ်ပွား၍ လုံခြုံရေး တပ်ဖွဲ့ဝင် ၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ယနေ့ နံနက် ၅ နာရီ ၄၅ မိနစ်ခန့်တွင်လမ်းမတော် မြို့နယ်၊ အမှတ်(၃)ရပ်ကွက်၊ အနော်ရထာလမ်းနှင့် ကိုင်းတန်းလမ်းရှိ ရပ်ကွက်စီမံအုပ်ချုပ်ရေးမှူး ရုံး၌ ပေါက်ကွဲမှုဖြစ်ပွားကြောင်း သိရှိရသဖြင့် ရပ်ကွက်စီမံ အုပ်ချုပ်ရေးမှူး ဦးမျိုးလွင်(၄၅)နှစ် (ဘ) ဦးမောင်အေးသည် နေအိမ်မှ ရုံးသို့ သွားရောက်စဉ် (၈)လမ်း၊ တိုက်အမှတ်(၆၁)ရှေ့လမ်းပေါ် အရောက်၌ အကြမ်းဖက်သူ အမျိုးသား ၁ ဦး က သေနတ်ဖြင့် ပစ်ခတ်ခဲ့၍ ဦးမျိုးလွင်တွင် နဖူးဖောက်ဝင် ဒဏ်ရာရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ကြောင်း သတင်းအရ လုံခြုံရေး တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့သည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များသည် အခင်းဖြစ်ရပ်အား ရောက်ရှိပြီး လိုအပ်သော စုံစမ်း စစ်ဆေးမှုများ ပြုလုပ်နေစဉ် အနော်ရထာလမ်းနှင့် ကိုင်းတန်းလမ်းထောင့်ရှိ ဓာတ်တိုင်၏ အမြင့် ၇ ပေခန့်တွင် တပ်ဆင်ထားသော Myanmar Net ကေဘယ်အထိုင်ပုံး အတွင်းမှ အကြမ်းဖက်သူများမှ ကြိုတင်ပြုလုပ်ထားသည့် လက်လုပ်မိုင်း ၁ လုံး ပေါက်ကွဲခဲ့ပြီး ပေါက်ကွဲမှုကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင် ၇ ဦးတွင် ထိခိုက်ဒဏ်ရာများ အသီးသီးရရှိခဲ့သဖြင့် တပ်မတော်ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှု ခံယူလျက်ရှိကြောင်း သိရသည်။

အထက်ပါဖြစ်စဉ်တွင် အကြမ်းဖက်မှုလုပ်ရပ်များကို ကျူးလွန်ခဲ့သူများအား ဖော်ထုတ် ဖမ်းဆီးအရေးယူနိုင်ရေး လုံခြုံရေး တပ်ဖွဲ့ဝင်များက ပိတ်ဆို့ရှာဖွေ စစ်ဆေးခြင်းများ ဆက်လက် ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။