ရန်ကုန်တိုင်းဒေသကြီး၊ ကြည့်မြင်တိုင်မြို့နယ်၌ အမျိုးသား ၁၃ ဦးအား ဆူပူအကြမ်းဖက်ဆန္ဒပြရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိ

နေပြည်တော်၊ မေ ၂၉

၂၀၂၁ ခုနှစ်၊ မေလ ၂၇ ရက် ညနေ ၄ နာရီ ၄၀ မိနစ်ခန့်တွင် ရန်ကုန်တိုင်း ဒေသကြီး၊ ကြည့်မြင်တိုင်မြို့နယ်၊ ဈေးကလေးရပ်ကွက်၊ မြဝတီစားသုံးဆီသိုလှောင်ကန်ရှေ့ ကမ်းနား လမ်းမ ပေါ်ရှိ ဘယ်ရီဂိတ်များအား အမျိုးသား ၃ ဦးမှ ဓာတ်ပုံရိုက်နေကြောင်း လုံခြုံရေး တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့က သွားရောက်စစ်ဆေးရာ အဆိုပါစားသုံးဆီသိုလှောင်ကန် ရှေ့တွင် ရပ်တန့်ထားသော 2F/9982 Light Truck ယာဉ်ပေါ်မှ ဓာတ်ပုံရိုက်နေသူ လှိုင်မြို့နယ်၊ အမှတ်(၁၃)ရပ်ကွက်နေ ကျော်သူရ (ခ) ဖိုးရွှေချော၊ (၂၉)နှစ်ပါ အမျိုးသား ၃ ဦးအား တွေ့ရှိရသဖြင့် ထိန်းသိမ်းပြီး စစ်ဆေးခြင်းများပြုလုပ်ခဲ့သည်။

ထိုကဲ့သို့ စစ်ဆေးခဲ့ရာ ကျော်သူရ (ခ)ဖိုးရွှေချော၏ ထွက်ဆိုချက်အရ လှိုင်မြို့နယ် (၁၃)ရပ်ကွက်၊ ဓမ္မသုခကျောင်းလမ်း အမှတ်(၉၃)ရှိ “မြ”ရေခဲစက်အတွင်း၌ လက်လုပ်သေနတ်များ သိမ်းဆည်းထားရှိကြောင်း သိရှိရသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ညနေ ၅ နာရီအချိန်ခန့်တွင် သွားရောက်ရှာဖွေခဲ့ရာ အဆိုပါရေခဲစက်အတွင်းမှ လှိုင်မြို့နယ်၊ အမှတ်(၁၃)ရပ်ကွက်နေ စမျိုးကြီး (ခ)တာဝေ (၂၂)နှစ်၊ ရေခဲစက်လုပ်သားပါ အမျိုးသား ၁၀ ဦးတို့အား တွေ့ရှိရပြီး ဆက်လက်ရှာဖွေ ခဲ့ရာ ရေခဲစက်အနောက်ဘက်ရှိ ရေကန်အတွင်းမှ သံပိုက်ဖြင့်ပြုလုပ်ထားသည့် လက်လုပ်လေ သေနတ် ၂ လက်၊ ဝရိန်တို့စက် ၁ လုံး၊ ဂလိုက်တာ ၁ ခု၊ သံပိုက် ၄ ချောင်း၊ နွေဦးတော်လှန်ရေး စာသားပါ သံဒိုင်း ၂ ချပ်တို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့ ၁၀ ဦးအား ဖမ်းဆီးထိန်းသိမ်း ခဲ့ပါသည်။

အထက်ပါဖြစ်စဉ်များမှ ဖမ်းဆီးရမိခဲ့သည့် ကျော်သူရ (ခ) ဖိုးရွှေချောပါ အမျိုးသား ၁၃ ဦးအား ဥပဒေနှင့်အညီ အရေးယူနိုင်ရေးဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။