ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၌ ရာဇသတ်ကြီးပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်လှစ်ခံထားရသူ သရုပ်ဆောင်ရဲတိုက်(ခ)လင်းထွန်းအား စိတ်ကြွရူးသွပ်ဆေးပြားများနှင့်အတူ ဖမ်းဆီးရမိ

နေပြည်တော် ဧပြီ ၄

၂၀၂၁ ခုနှစ်၊ ဧပြီလ ၃ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၌ ရာဇသတ်ကြီးပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်လှစ်ခံထားရသူ သရုပ်ဆောင်ရဲတိုက်(ခ)လင်းထွန်းအား စိတ်ကြွရူးသွပ်ဆေးပြားများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဧပြီလ ၃ ရက်နေ့ ည ၈ နာရီခွဲ အချိန်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် ရန်ကုန်မြို့အတွင်း လှည့်ကင်းဆောင်ရွက် နေစဉ် မရမ်းကုန်းမြို့နယ်၊ သမိုင်းလမ်းဆုံ အရောက်၌ ကျိုက်ဝိုင်းဘုရားလမ်းအတိုင်း မောင်းနှင်လာသော ဆိုင်ကယ်တစ်စီးအား ရပ်တန့်စစ်ဆေးရာ မြောက်ဒဂုံမြို့နယ် အမှတ်(၉)ရပ်ကွက်နေ ရဲတိုက်(ခ)လင်းထွန်း (၃၇)နှစ်၊ (ဘ)ဦးထွန်းညွန့်မော်ဖြစ်ကြောင်း သိရှိရပြီး ၎င်းလွယ်ထားသော လွယ်အိတ် အတွင်းမှ WY စာတန်း ပါစိတ်ကြွရူးသွပ် ဆေးပြား ၁၁ ပြား၊ ပြုပြင်ထားသောဂက်(စ်)မီးခြစ် ၂ လုံး၊  ထိပ်တွင်ခဲပြားပတ်ထားသည့် အအေးပိုက် ၁ ချောင်း၊ ခဲပြားအပိုင်းအစ ၂ ခုနှင့်အခြားဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့သောကြောင့်    ရဲတိုက်(ခ) လင်းထွန်းအား ဘုရင့်နောင်နယ်မြေရဲစခန်း တွင် အမှုဖွင့်လှစ်စစ်ဆေးလျက်ရှိပြီး ၎င်းသည်  ဆူပူ ဆန္ဒပြမှုများ၌ပါဝင်ခဲ့သဖြင့်၂၀၂၁ ခုနှစ်၊ မတ်လ ၁၅ ရက်နေ့တွင် လသာမြို့နယ်ရဲတပ်ဖွဲ့စခန်း၌ ရာဇသတ်ကြီး ပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်လှစ်ခံထားရသူဖြစ်ကြောင်း သတင်းရရှိပါသည်။

ရဲပြန်ကြား