ရန်ကုန်တိုင်းဒေသကြီး၊ လသာမြို့နယ်ရှိ UAB ဘဏ်အား သေနတ်အတုဖြင့် ဝင်ရောက်လုယက်သူ ဒုစရိုက်သမား ၁ ဦးအား ဘဏ်ဝန်ထမ်းနှင့် တာဝန်သိပြည်သူများ၏ ပူးပေါင်းကူညီမှုဖြင့် အချိန်တိုအတွင်းဖမ်းဆီးရမိ

ရန်ကုန်တိုင်းဒေသကြီး၊ လသာမြို့နယ်ရှိ UAB ဘဏ်အား သေနတ်အတုဖြင့် ဝင်ရောက်လုယက်သူ ဒုစရိုက်သမား ၁ ဦးအား ဘဏ်ဝန်ထမ်းနှင့် တာဝန်သိပြည်သူများ၏ ပူးပေါင်းကူညီမှုဖြင့် အချိန်တိုအတွင်းဖမ်းဆီးရမိ

 
နေပြည်တော်၊ ဇန်နဝါရီ ၁၈

 
ဝိသမလောဘဒုစရိုက်သမားများအနေဖြင့် နိုင်ငံတော်အတွင်း နေရာဒေသအချို့၌ လတ်တလောဖြစ်ပေါ်နေသော အခြေအနေများနှင့် PDF အမည်ခံအကြမ်းဖက်အဖွဲ့များ၏ အကြမ်းဖက် ဖောက်ခွဲခြင်း၊ လုပ်ကြံသတ်ဖြတ်ခြင်းများကြောင့် အပြစ်မဲ့ပြည်သူများအကြားတွင် စိုးရိမ်ကြောက်ရွံ့ မှုများဖြစ်ပေါ်ကာ အချင်းချင်းပူးပေါင်းဆောင်ရွက်မှု အားနည်းလာခြင်းအပေါ် အခွင့်အရေးတစ်ရပ် အနေဖြင့် အသုံးချကာ လက်နက်များ/လက်နက်(အတုများ)အသုံးပြု၍ ဘဏ်နှင့် ရွှေဆိုင်အချို့အား လုယက်မှုများ ကျူးလွန်လျက်ရှိသည်။
ထိုကဲ့သို့ လုယက်မှုများကျူးလွန်လျက်ရှိရာ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၁၇ ရက်နေ့ မွန်းလွဲပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ လသာမြို့နယ်ရှိ UAB ဘဏ်အား သေနတ်အတုဖြင့် ဝင်ရောက်လုယက်သူ ဒုစရိုက်သမား ၁ ဦးအား ဘဏ်ဝန်ထမ်းနှင့် တာဝန်သိ ပြည်သူများ၏ ပူးပေါင်းကူညီမှုဖြင့် အချိန်တိုအတွင်းဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၁၇ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၁၀ မိနစ်အချိန်တွင် ရန်ကုန်တိုင်း ဒေသကြီး၊ လသာမြို့နယ်၊ အမှတ်(၃)ရပ်ကွက်၊ ကမ်းနားလမ်းနှင့် (၁၉)လမ်းထိပ်ရှိ UAB ဘဏ်၌ ဘဏ်ဝန်ထမ်းများဖြစ်သည့် သန်လျင်မြို့နယ်၊ တာဝရပ်ကွက်နေ ဘဏ်မန်နေဂျာ ဒေါ်ခင်ချိုချို (၃၆)နှစ် (ဘ)ဦးစိုးအောင်ပါဘဏ်ဝန်ထမ်း ၉ ဦးနှင့် ဘဏ်လုံခြုံရေးဝန်ထမ်း ၁ ဦး တို့သည် ဘဏ်လုပ်ငန်းများဆောင်ရွက်နေစဉ် အမျိုးသား ၁ ဦးက ဘဏ်အတွင်းသို့ ဝင်ရောက်လာပြီး ဘဏ်လုံခြုံရေး ဝန်ထမ်းအား သေနတ်ပြခြိမ်းခြောက်၍ ငွေထုတ်ငွေသွင်းကောင်တာတွင် အသင့်ရှိ နေသည့် ငွေ ၇,၉၇၅,၀၀၀ ကျပ်အား ကျောပိုးအိတ်အတွင်းထည့်၍ ဘဏ်အပြင်ဘက်သို့ ပြန်လည် ထွက်ခွာရန် ပြုလုပ်စဉ် ဘဏ်ဝင်ပေါက်တံခါးအနီးအရောက်၌ ဘဏ်လုံခြုံရေးဝန်ထမ်းနှင့် တာဝန်သိ ပြည်သူများက ဝိုင်းဝန်းဖမ်းဆီးခဲ့ရာ လုယက်မှုကျူးလွန်သူအား အချိန်တိုအတွင်း ဖမ်းဆီးနိုင်ခဲ့ ကြောင်း သိရသည်။
အခင်းဖြစ်နေရာအား လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ဘဏ်ဝန်ထမ်း များအား သေနတ်အတုဖြင့် ခြိမ်းခြောက်၍ ငွေများလုယက်မှုကျူးလွန်ခဲ့သူ ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်၊ ဘုရားကုန်းကျေးရွာ၊ အမှတ်(၁၂၄)နေ ထွန်းထွန်း(၃၉)နှစ် (ဘ)ဦးထွန်းဝင်းအား ၎င်းလုယက်မှုကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် ပစ္စတိုကော်သေနတ်အတု ၁ လက်၊ ငွေ ၇,၉၇၅,၀၀၀ ကျပ်တို့နှင့်အတူ တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။
ထိုကဲ့သို့ ဘဏ်ဝန်ထမ်းများအား သေနတ်အတုဖြင့် ခြိမ်းခြောက်လုယက်မှု ကျူးလွန်ရာမှ ဘဏ်ဝန်ထမ်းများနှင့် တာဝန်သိပြည်သူများ၏ ဝိုင်းဝန်းပူးပေါင်းကူညီမှုဖြင့် အချိန်တိုအတွင်း ဖမ်းဆီးရမိခဲ့သူ တရားခံ ထွန်းထွန်းအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး လုံခြုံရေး တပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။