ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်၌ PPE ဝတ်စုံဝတ်ဆင်ထားသည့် အကြမ်းဖက်သမား ၂ ဦးက လုပ်ကြံပစ်ခတ်မှုကြောင့် အေးချမ်းစွာနေထိုင်လျက်ရှိသူ အမျိုးသား ၁ ဦးသေဆုံးကာ အမျိုးသမီး ၁ ဦး ဒဏ်ရာရရှိ

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်၌ PPE ဝတ်စုံဝတ်ဆင်ထားသည့် အကြမ်းဖက်သမား ၂ ဦးက လုပ်ကြံပစ်ခတ်မှုကြောင့် အေးချမ်းစွာနေထိုင်လျက်ရှိသူ အမျိုးသား ၁ ဦးသေဆုံးကာ အမျိုးသမီး ၁ ဦး ဒဏ်ရာရရှိ

 
နေပြည်တော်၊ ဩဂုတ် ၅

 
အကြမ်းဖက်အစွန်းရောက်သမားများအနေဖြင့် လူသားချင်းစာနာထောက်ထားမှုနှင့် ကပ်ရောဂါဖြစ်ပွားနေမှုအပေါ် မျက်ကွယ်ပြု၍ ရောဂါထိန်းချုပ် နိုင်ရေးကူညီဆောင်ရွက်လျက်ရှိသည့် နေရာများကို ဦးတည်တိုက်ခိုက်မှုများကိုလည်း လုပ်ဆောင်လျက်ရှိသည်။ ၎င်းအပြင် လတ်တလော ကျန်းမာရေးလုပ်ငန်းများ၊ ကူညီကယ်ဆယ်ရေးလုပ်ငန်းများတွင် စိတ်စေတနာပြည့်ဝစွာဖြင့် အနစ်နာခံပေးဆပ်လုပ်ကိုင်လျက်ရှိသော စေတနာ့ဝန်ထမ်းအဖြစ် အယောင်ဆောင်၍ PPE ဝတ်စုံ ဝတ်ဆင်ပြီး အပြစ်မဲ့ပြည်သူများအနီး ချဉ်းကပ်ကာ ရက်စွက်စွာ လုပ်ကြံသတ်ဖြတ်မှုများကိုပါ ပြုလုပ်လာသည်ကို တွေ့ရှိရသည်။

 
ထိုကဲ့သို့ အကြမ်းဖက်လုပ်ကြံသတ်ဖြတ်ခဲ့ရာတွင် ယနေ့မွန်းလွဲ ၁ နာရီ ၅ မိနစ်ခန့်တွင် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်၊ အမှတ်(၁၆)ရပ်ကွက်၊ အုတ်ကျင်းဘူတာရုံလမ်း၊ အမှတ်(၃၁)နေ ဦးစန်းလင်း (၅၃)နှစ်၊ (ဘ) ဦးလှရွှေနှင့် ဇနီးဖြစ်သူ ဒေါ်သီတာတို့သည် နေအိမ်အရှေ့၌ အိမ်ဆိုင်ဖွင့်လှစ်၍ ဈေးရောင်းချနေစဉ် PPE ဝတ်စုံဝတ်ဆင်ကာ စေတနာ့ဝန်ထမ်း အယောင်ဆောင်ထားသည့် အကြမ်းဖက်သူ အမျိုးသား ၂ ဦးက ဆိုင်အတွင်းသို့ အအေး လာရောက် ဝယ်ယူဟန်ဖြင့် ချဉ်းကပ်ဝင်ရောက်လာသဖြင့် အအေးရောင်းချပေးနေစဉ် အဆိုပါ အကြမ်းဖက်သူ ၂ ဦးက ၎င်းတို့ထံတွင်အသင့်ပါလာသော သေနတ်ဖြင့် ပစ်ခတ်ကာ ထွက်ပြေးသွားခဲ့သဖြင့် ဦးစန်းလင်း၏ ဝဲဘက်ရင်အုံတွင် ကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ယာလက်မောင်း ကျည် ဖောက် ဝင်ဒဏ်ရာ ၁ ချက်၊ ဝဲပေါင်ကျည်ထိမှန်ဒဏ်ရာ ၁ ချက်၊ ဒေါ်သီတာတွင် ဝဲလက်ဖျံ ကျည်ဖောက် ဝင်ဒဏ်ရာ ၁ ချက်၊ ဝဲရင်အုံ ကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်တို့ အသီးသီး ရရှိခဲ့သဖြင့် ထိခိုက်ဒဏ်ရာ ရရှိခဲ့သူများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက တပ်မတော်ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှုပေးနေစဉ် ဦးစန်းလင်းမှာ ရရှိထားသော ဒဏ်ရာများဖြင့် သေဆုံးသွားခဲ့သည်။
ထိုသို့ ဝတ်စုံ ဝတ်ဆင်၍ အကြမ်းဖက်သတ်ဖြတ်မှုကို ပြုလုပ်ခဲ့မှုကြောင့် စိတ်စေတနာ ပြည့် ဝစွာဖြင့် ကူညီဆောင်ရွက်ပေးနေသော စေတနာ့ဝန်ထမ်းများအပေါ် ပြည်သူလူထုမှ အထင်အမြင် လွဲမှားစေနိုင်သည့်အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် အစွန်းရောက်အကြမ်းဖက်သမား များအား ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေး အသေးစိတ်ပိတ်ဆို့စစ်ဆေးရှာဖွေမှုများအား ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။