ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ်၌ မြို့ပတ်ရထားလုံခြုံရေးလိုက်ပါဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များအား အကြမ်းဖက်သူများက အနီးကပ်ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ရဲတပ်ဖွဲ့ဝင် ၄ ဦး ကျဆုံး၍ ၂ ဦးဒဏ်ရာရရှိ

ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ်၌ မြို့ပတ်ရထားလုံခြုံရေးလိုက်ပါဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များအား အကြမ်းဖက်သူများက အနီးကပ်ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ရဲတပ်ဖွဲ့ဝင် ၄ ဦး ကျဆုံး၍ ၂ ဦးဒဏ်ရာရရှိ

 
နေပြည်တော်၊ ဩဂုတ် ၁၅

 
ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ်၌ မြို့ပတ်ရထားလုံခြုံရေး လိုက်ပါဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များအား အကြမ်းဖက်သူများက အနီးကပ်ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ရဲတပ်ဖွဲ့ဝင် ၄ ဦး ကျဆုံး၍ ၂ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 
ဖြစ်စဉ်မှာ ဩဂုတ်လ ၁၄ ရက်နေ့ ညနေ ၄ နာရီ ၅ မိနစ်အချိန်တွင် ရန်ကုန်-အင်းစိန်၊ အင်းစိန်-လှော်ကားခရီးစဉ်(၅)၊ ရထားအမှတ်(က/၆) RBE မြို့ပတ်ရထားသည် ရဲတပ်ဖွဲ့ဝင် များလုံခြုံရေးလိုက်ပါဆောင်ရွက်လျက် ရန်ကုန်ဘူတာကြီးမှ ကြည့်မြင်တိုင်ဘူတာသို့ ထွက်လာခဲ့ရာ အလုံဘူတာသို့ ရောက်ရှိစဉ် အမျိုးသား ၃ ဦး က ရထားပေါ်သို့ တက်ရောက်စီးနင်းလိုက်ပါ လာပြီး အလုံဘူတာမှ ဆက်လက်ထွက်ခွာလာစဉ် ညနေ ၄ နာရီ ၁၈ မိနစ်အချိန်၌ အဆိုပါ အမျိုးသား ၃ ဦးမှ ရထား စက်မောင်းအား သေနတ်ဖြင့် ချိန်ကာ ရထားအား ရပ်တန့်ခိုင်းခဲ့ပြီး ရထားတတိယတွဲတွင် လုံခြုံရေးလိုက်ပါဆောင်ရွက်နေသည့် ရဲတပ်ဖွဲ့ဝင်များအား ခရီးသည်အသွင်ယူကာ အနီးကပ်သေနတ် ကိုယ်စီဖြင့် ဝိုင်းဝန်းအကြမ်းဖက်ပစ်ခတ်တိုက်ခိုက်ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များ ကိုင်ဆောင်သော လက်နက်ငယ်အချို့အား ယူဆောင်ထွက်ပြေးသွားခဲ့သည်။

 
အထက်ပါဖြစ်စဉ်တွင် မြို့ပတ်ရထားလုံခြုံရေးလိုက်ပါဆောင်ရွက်သည့် ရဲတပ်ဖွဲ့ဝင် ၄ ဦးမှာ သေနတ်ဒဏ်ရာများအသီးသီးရရှိကာ အခင်းဖြစ်နေရာတွင် ကျဆုံးခဲ့ပြီး တပ်ဖွဲ့ဝင် ၂ ဦးတွင် သေနတ် ထိမှန်ဒဏ်ရာများရရှိခဲ့ကာလက်နက်ငယ်အချို့ပါဆုံးရှုံးခဲ့သည်။ ထိုသို့တာဝန်ဝတ္တရား ဆောင်ရွက် လျက်ရှိသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား အကြမ်းဖက်ပစ်ခတ်တိုက်ခိုက်ခဲ့သူ အမျိုးသား ၃ ဦးအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ပိတ်ဆို့ရှာဖွေ၍ စုံစမ်းစစ်ဆေး မှုများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။