ရန်ကုန်တိုင်းဒေသကြီး၌ ဝက်သားဝယ်လိုအား ပုံမှန်ရှိနေပြီး ဝက်အရှင် ဈေးနှုန်း ကျဆင်း

ရန်ကုန်တိုင်းဒေသကြီး၌ ဝက်သားဝယ်လိုအား ပုံမှန်ရှိနေပြီး ဝက်အရှင် ဈေးနှုန်း ကျဆင်း

ရန်ကုန်တိုင်းဒေသကြီး၌ ဝက်သားဝယ်လိုအား ပုံမှန်ရှိသည့်အတွက် ဝက်သားဈေးနှုန်း ငြိမ်နေသော်လည်း ဝက်အရှင်ဈေးနှုန်း ကျဆင်းနေကြောင်း မြန်မာနိုင်ငံ ဝက်မွေးမြူသူများနှင့် ထုတ်လုပ် ရောင်းချသူများ အသင်းမှ တာဝန်ရှိသူ တစ်ဦး၏ပြောပြချက်အရ သိရသည်။

''ဝက်သားနဲ့ပတ်သက်တဲ့   လက်လီလက်ကား ဈေးကွက်မှာ  ဈေးနှုန်းအတက်အကျ မရှိဘဲ ပုံမှန်ဖြစ်နေတယ်။ နှစ်စပိုင်းကတည်းက  အခုချိန်ထိ အပြောင်းအလဲ သိပ်မရှိဘူး။  ဒါပေမဲ့  ဝက်အရှင်ဈေးကတော့ ကျဆင်းနေတယ်'' ဟု ၎င်းကပြော သည်။

လက်ရှိဈေးကွက်အတွင်း   ဝက်သားဈေးနှုန်းများမှာ လက်လီဈေး တစ်ပိဿာလျှင် ငွေကျပ် ၁ဝဝဝဝ မှ ၁၅ဝဝဝ အထိ ရှိပြီး လက်ကားဈေးမှာ တစ်ပိဿာလျှင် ငွေကျပ်   ၇ဝဝဝ ဝန်းကျင်ရှိသော်လည်း ဝက်အရှင်ဈေးမှာ တစ်ပိဿာလျှင် ငွေကျပ် ၄၇ဝဝ ဝန်းကျင်သာ ရှိကြောင်း သိရသည်။         

''ကိုဗစ်-၁၉ ရောဂါ အခြေအနေနဲ့ ပတ်သက်ပြီး ဟိုတယ်တွေ၊ ခရီးသွားလုပ်ငန်းတွေ၊ စားသောက်ဆိုင် လုပ်ငန်းတွေကို ပြီးခဲ့တဲ့နှစ်ကတည်းက   ပိတ်ထားရတာကြောင့် ဝက်သား ထုတ်လုပ်သူတွေအတွက် ဈေးနှုန်း ကျဆင်းတယ်လို့ ဆိုရမယ်။ ဘာကြောင့်လဲဆိုတော့   ဝက်အစာဈေးက တက်ပြီး အရှင်ဈေးကျတော့ သိပ်မရဘူး။

အစာကျတော့  နှစ်ပတ်တစ်ကြိမ်လောက် ကျွေးရတယ်။    ပုံမှန်စားသုံးမှုအတိုင်း အတာမှာတော့ ဈေးနှုန်းက အပြောင်းအလဲ သိပ်မရှိဘဲ ပုံမှန်ရှိပါတယ်''ဟု ၎င်းကပြောသည်။

မြန်မာနိုင်ငံ၌ ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်း ဒေသကြီးတို့တွင်  ဝက်မွေးမြူရေး လုပ်ငန်းကို အများဆုံး လုပ်ကိုင်ကြကြောင်း သိရသည်။