ရန်ကုန်မြို့ရှိ ရွှေဆိုင်အားလုံးနီးပါး ပုံမှန်အတိုင်း ပြန်လည်ဖွင့်လှစ်၍ အရောင်းအဝယ် ပြုလုပ်နေ

ရန်ကုန်မြို့ရှိ ရွှေဆိုင်အားလုံးနီးပါး ပုံမှန်အတိုင်း ပြန်လည်ဖွင့်လှစ်၍  အရောင်းအဝယ်ပြုလုပ်လျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များ အသင်း ဥက္ကဋ္ဌ ဦးမျိုးမြင့်၏ ပြောဆိုချက်အရ သိရသည်။

COVID-19 ရောဂါအခြေအနေကြောင့် ယာယီပိတ်ထားသည့် ရွှေဆိုင်များမှာ ယခုနောက်ပိုင်းတွင် တဖြည်းဖြည်း ပြန်လည်ဖွင့်လှစ်ခဲ့ပြီး လက်ရှိတွင် ရွှေဆိုင် အားလုံးနီးပါး    ပုံမှန်အတိုင်းပြန်လည်ဖွင့်လှစ်နေခြင်းဖြစ်သည်။

''လက်ရှိမှာ အရောင်းအဝယ်ကတော့ လက်ဝတ်တန်ဆာတွေ လာပြန်ရောင်းကြတာ များပါတယ်။ ရွှေဆိုင်အားလုံး နီးပါးကတော့ ပြန်ဖွင့်နေပြီ''ဟု ဦးမျိုးမြင့် ကပြောသည်။

ရွှေဈေးကွက်အတွင်း မေ ၁၂ ရက်က   အခေါက်ရွှေတစ်ကျပ်သားလျှင် ငွေကျပ် ၁၇ သိန်းကျော်အထိ ဈေးနှုန်းမြင့်တက်သွားပြီး တစ်ပတ်အတွင်း ငွေကျပ် ၁၅ သိန်းကျော်ဝန်းကျင် ပြန်လည်ကျဆင်းခဲ့ရာ မှ မေ ၂၆ ရက်တွင် ပြန်လည်မြင့်တက်လာခဲ့ကြောင်း သိရသည်။

''ကမ္ဘာ့ရွှေဈေးမြင့်တက်လာတဲ့အတွက် ပြည်တွင်းရွှေဈေး ပြန်တက်လာတယ်။ ငွေကျပ် ၁၅ သိန်းကျော် ဝန်းကျင်လောက် အထိ ပြန်ကျပြီးမှ အခုပြန်တက်လာတာပါ။

ရွှေဈေးက ၁၅ သိန်းဝန်းကျင်လောက်မှာပဲ ရပ်တည်နေဦးမှာပါ''ဟု ဦးမျိုးမြင့် ကပြောသည်။

ကမ္ဘာ့နိုင်ငံများ၌ COVID-19  ရောဂါအခြေအနေကြောင့် တခြားလုပ်ငန်းများထက် ရွှေဈေးကွက်အပေါ် ပိုမိုအာရုံစိုက်နေခြင်းကြောင့်  ကမ္ဘာ့ရွှေဈေးနှုန်း တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၉ဝဝ ကျော်အထိ မြင့်တက်နေခြင်းဖြစ်ကြောင်း သိရသည်။

ကမ္ဘာ့ရွှေဈေးနှုန်းမှာ မေ ၁၂ ရက်က တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၈၃၂ ဒေါ်လာရှိခဲ့ရာမှ မေ ၂၆ ရက်တွင် တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၉ဝ၆   ဒေါ်လာအထိ  မြင့်တက်လာကြောင်း သိရသည်။

ပြည်တွင်းငွေလဲနှုန်းမှာလည်း မေ ၁၂ ရက်က အမေရိကန်တစ်ဒေါ်လာလျှင် ပြင်ပပေါက်ဈေး  ရောင်းဈေး ငွေကျပ် ၁၆၄၅ ကျပ် ရှိခဲ့ရာမှ မေ ၂၆ ရက်တွင် အမေရိကန်တစ်ဒေါ်လာလျှင် ပြင်ပပေါက်ဈေး ရောင်းဈေး ငွေကျပ် ၁၅၈၅ ကျပ်အထိ ဈေးနှုန်း ရှိနေကြောင်း သိရသည်။

ရန်ကုန်ရွှေဈေးနှုန်းမှာ မေ ၁၂ ရက်က အခေါက်ရွှေတစ်ကျပ်သားလျှင် ငွေကျပ် ၁၇ဝ၆ဝဝဝ အထိ ဈေးနှုန်းရှိခဲ့ရာမှ မေ၂၅ ရက်က ငွေကျပ် ၁၅၁၈ဝဝဝ အထိ ကျဆင်းပြီးနောက် မေ ၂၆ ရက်တွင် ငွေကျပ် ၁၅၅၅ဝဝဝ  အထိ  ဈေးနှုန်း ပြန်လည်မြင့်တက်လာကြောင်း သိရသည်။