ရသေ့တောင်မြို့နယ်ပြည်သူ့ဆေးရုံ၌ အောက်ဆီဂျင်စက်ရုံသစ်ဖွင့်ပွဲပြုလုပ်၊ ကျန်းမာရေး ဝန်ထမ်းများအတွက် ဂုဏ်ပြုငွေများ ပေးအပ်လှူဒါန်း

ရသေ့တောင်မြို့နယ်ပြည်သူ့ဆေးရုံ၌ အောက်ဆီဂျင်စက်ရုံသစ်ဖွင့်ပွဲပြုလုပ်၊ ကျန်းမာရေး ဝန်ထမ်းများအတွက် ဂုဏ်ပြုငွေများ ပေးအပ်လှူဒါန်း

နေပြည်တော်၊ စက်တင်ဘာ - ၂၄
    
ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ပံ့ပိုးမှုဖြင့် ရသေ့တောင်မြို့နယ်ပြည်သူ့ဆေးရုံဝန်း အတွင်း၌ အသစ်တပ်ဆင်ဆောက်လုပ်ပြီးစီးသည့် အောက်ဆီဂျင်စက်ရုံသစ်ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် အဆိုပါစက်ရုံရှေ့၌ ပြုလုပ်ရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိမြို့ဖများ တက်ရောက်ကြသည်။
    
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများ၊ အောက်ဆီဂျင်စက်ရုံ ဖြစ်မြောက်ရေးကော်မတီဝင်များက အောက်ဆီဂျင်စက်ရုံအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေး ပြီး အမွှေးနံ့သာရည်များပက်ဖျန်းကာ အောက်ဆီဂျင်စက်ရုံအတွင်း အောက်ဆီဂျင် ထုတ်လုပ်နေမှုအား ကြည့်ရှုကြသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများသည် ဆေးရုံဝန်းအတွင်း မြို့နယ်ကုသရေး ဦးစီးဌာနဝန်ထမ်းနေအိမ်  ၄ ခန်းတွဲ ၂ ထပ် ဆောက်လုပ်လျက်ရှိသည့်လုပ်ငန်းခွင်အား သွားရောက်ကြည့်ရှုကြ သည်။
    
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများသည် ရသေ့ တောင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ် သည့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ရသေ့တောင်မြို့နယ်ရှိ ပြည်သူ့ဆေးရုံများ၌ တာဝန် ထမ်းဆောင်လျက်ရှိသော ကျန်းမာရေးဝန်ထမ်းများအား ဂုဏ်ပြုချီးမြှင့်ငွေပေးအပ်ပွဲသို့ တက်ရောက်၍ ပြည်နယ်ဝန်ကြီးချုပ်က ဂုဏ်ပြုအမှာစကားပြောကြားသည်။
    
၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကျန်းမာရေးဝန်ထမ်း များအတွက် ဂုဏ်ပြုချီးမြှင်ငွေကျပ် သိန်း ၂၀ ကို မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ တင်မြင့်ဦး ထံသို့လည်းကောင်း၊ အောက်ဆီဂျင်စက်ရုံအတွက် အလှူငွေကျပ်သိန်း ၁၀၀ ကို စက်ရုံဖြစ်မြောက်ရေးကော်မတီဝင်များထံသို့လည်းကောင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးပစ္စည်းများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ထံသို့လည်းကောင်း အသီးသီးပေးအပ်လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။