ရာသီဥတုပြောင်းလဲမှုက ဆင်းရဲချမ်းသာကွာဟမှုကို ပိုမိုကြီးမားစေမည်ဟု စီးပွားရေးပညာရှင်များယူဆ

နယူးယောက်၊ စီးပွားရေး

ကမ္ဘာပေါ်တွင်ဖြစ်ပွားနေသည့် ရာသီဥတုပြောင်းလဲမှုက လက်ရှိကြုံတွေ့နေရသော ဆင်းရဲချမ်းသာ ကွာဟမှု ကိုပိုမိုကြီးမားစေမည်ဟု ကမ္ဘာ့ထိပ်တန်းစာရင်းဝင်စီးပွားရေးပညာရှင် ၁၀ ဦးအနက် ကိုးဦးကယူဆထား ကြောင်းသိရသည်။

ထို့ပြင် ကမ္ဘာကြီးပူနွေးမှုကိုဖြစ်စေမည့် ဖန်လုံအိမ်ဓာတ်ငွေ့များ ထုတ်လွှတ်မှုကိုလည်း အမြန်ဆုံးဖြတ် တောက်ရန် ၎င်းတို့က မတ် ၃၀ ရက်တွင်တောင်းဆိုထားသည်။ ကမ္ဘာ့အပူချိန်မြင့်မားမှု၏ အကျိုးဆက် များသည် ဆင်းရဲမှုနှုန်းမြင့်မားသောနိုင်ငံများနှင့် စီးပွားရေးစိန်ခေါ်မှုများကြောင့် ဝန်ပိနေသည့်နိုင်ငံများအပေါ် ဆိုးရွားစွာကျရောက်မည်ဖြစ်ကြောင်း နယူးယောက်တက္ကသိုလ် မူဝါဒတည်တံ့ခိုင်မြဲရေးအဖွဲ့၏ သုတေသန တွင်ဖော်ပြထားသည်။

ကုလသမဂ္ဂအနေဖြင့် ကမ္ဘာ့အပူချိန်လျှော့ချရေးရည်ရွယ်သည့် ပဲရစ်သဘောတူစာချုပ်အထမြောက်စေရန် နိုဝင်ဘာလတွင် ညီလာခံကျင်းပမည်ဖြစ်ပြီး ထိုညီလာခံမတိုင်မီ ကမ္ဘာ့နိုင်ငံအများအပြားက ၎င်းတို့၏ ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှုလျှော့ချရေး စီမံချက်များကို ပြင်ဆင်ပြောင်းလဲနေစဉ် စီးပွားရေး ပညာရှင် များ၏ယူဆချက် ထွက်ပေါ်လာခြင်းဖြစ်သည်။

အစိုးရများအနေဖြင့် ရာသီဥတုပြောင်းလဲမှုကြောင့် ဖြစ်နိုင်ဖွယ်ရှိသော ဆုံးရှုံးမှုများကို လျှော့တွက်နေဖွယ် ရှိကြောင်းနှင့် ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုအတွက် မူဝါဒများချမှတ်ရန် ဝန်လေးနေဖွယ်ရှိကြောင်း စီးပွားရေးပညာရှင်များက ယူဆထားသည်။ ကမ္ဘာကြီးပူနွေးမှုသည် လက်ရှိပုံစံအတိုင်းသာ ဆက်သွား နေမည်ဆိုပါက ရာသီဥတုပြောင်းလဲမှုကြောင့် စီးပွားရေးအရ ဆုံးရှုံးမှုမှာ ၂၀၂၅ ခုနှစ်အထိ တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၁ ဒသမ ၇ ထရီလီယံရှိနိုင်ကာ ၂၀၇၅ ခုနှစ်အထိဆိုပါက တစ်နှစ်လျှင် ဒေါ်လာထရီလီယံ ၃၀ အထိရှိနိုင်ကြောင်း သုတေသနပြုလေ့လာမှုအရ သိရသည်။

Ref: TST