ရုရှားက ပင်လယ်နက်အတွင်း ရန်သူ့သင်္ဘောများကို ဗုံးကြဲ တိုက်ခိုက်သည့် လေ့ကျင့်မှုပြုလုပ်

ရုရှားက ပင်လယ်နက်အတွင်း ရန်သူ့သင်္ဘောများကို ဗုံးကြဲ တိုက်ခိုက်သည့် လေ့ကျင့်မှုပြုလုပ်

ရုရှားစစ်လေယာဉ်များသည် ပင်လယ်နက်အတွင်း စစ်ရေးလေ့ကျင့်နေစဉ် ရန်သူ့သင်္ဘောများကို   ဗုံးကြဲတိုက်ခိုက်သည့် စစ်ရေးလေ့ကျင့်မှု ပြုလုပ်ခဲ့ကြောင်း ရုရှားအစိုးရက ဇူလိုင် ၃ ရက်တွင် ပြောသည်။

ရုရှားလေတပ်မှ စစ်လေယာဉ်များနှင့် တောင်ပိုင်းတိုင်း စစ်ဌာနချုပ်မှ တပ်ဖွဲ့များ စစ်ရေးလေ့ကျင့်စဉ် ရန်သူ့သင်္ဘောများကို  ဗုံးကြဲတိုက်ခိုက်မှု၊ ဒုံးကျည်ဖြင့် တိုက်ခိုက်မှု အစရှိသည့် လေ့ကျင့်မှုများ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း RIA သတင်းဌာနက ဖော်ပြထားသည်။

မကြာသေးမီက ရုရှားရေတပ်နှင့် ဗြိတိန်စစ်သင်္ဘော တစ်စင်းတို့ မတော်တဆမှု ဖြစ်ပွားပြီးနောက် ပင်လယ်နက်ဒေသအတွင်း NATO တပ်ဖွဲ့၏ စစ်ရေးလေ့ကျင့်မှုများကြောင့် အနောက်နိုင်ငံများနှင့်  ပဋိပက္ခဖြစ်နေစဉ်   ရုရှားက ယခုကဲ့သို့ စစ်ရေးလေ့ကျင့်မှုကို လုပ်ဆောင်ခြင်းဖြစ်သည်။

NATO တပ်ဖွဲ့၊ ယူကရိန်းနှင့် မဟာမိတ် နိုင်ငံများက အဆိုပါဒေသတွင်  Sea Breeze စစ်ရေးလေ့ကျင့်မှုကို ပြုလုပ်နေခြင်းဖြစ်ပြီး ထိုစစ်ရေးလေ့ကျင့်မှုသည်  သီတင်းပတ်နှစ်ပတ်ကြာမြင့်မည်ဖြစ်ကာ NATO တပ်ဖွဲ့နှင့် မဟာမိတ်နိုင်ငံများမှ စစ်သည် ၅ဝဝဝ ခန့်၊ စစ်သင်္ဘောအစင်း ၃ဝ နှင့် လေယာဉ် အစင်း ၄ဝ တို့အပြင် USS Ross အမည်ရှိ အမေရိကန်ဒုံးကျည်တင် ဖျက်သင်္ဘောနှင့် အမေရိကန်မရိန်းတပ်ဖွဲ့တို့ ပါဝင်သည်။

အဆိုပါ စစ်ရေးလေ့ကျင့်မှုကို ဖျက်သိမ်းပေးရန် ရုရှားက တောင်းဆိုကာ လိုအပ်ပါက အမျိုးသား လုံခြုံရေးကို ကာကွယ် စောင့်ရှောက်ရန် တုံ့ပြန်မှုများ လုပ်သွားမည်ဟု ပြောပြီးနောက် ရုရှားက ပင်လယ်နက်အတွင်း စစ်ရေးလေ့ကျင့်နေခြင်း ဖြစ်ကြောင်း သိရသည်။