ရုရှားက ဗြိတိန်လေယာဉ်တင်သင်္ဘောအနီး ဒုံးကျည်ပစ်ခတ်လေ့ကျင့်မှုများပြုလုပ်

မော်စကို၊ စစ်ရေး

မြေထဲပင်လယ်အတွင်း တပ်စွဲထားသည့်ရုရှားရေတပ်သင်္ဘောများက ဗြိတိန်လေယာဉ် တင်သင်္ဘော အနီးတွင် ဒုံးကျည်ပစ်ခတ်လေ့ကျင့်မှုများပြုလုပ်ကြောင်းသိရသည်။ အဆိုပါ ဒုံးကျည်ပစ်ခတ်လေ့ကျင့်မှု လုပ်ရာနေရာသည် ဗြိတိန်၏ လေယာဉ်တင်သင်္ဘောမှ ကီလိုမီတာ ၃၀ သာကွာဝေးကြောင်း ရုရှား၏လေကြောင်းသတိပေးထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ဒုံးကျည်ပစ်ခတ်လေ့ကျင့်မှုများကို ဇွန်၂၆ ရက်နှောင်းပိုင်းတွင် လုပ်ဆောင်ခြင်းဖြစ်ပြီး လက်ရှိတွင် ဗြိတိန်လေယာဉ်တင်သင်္ဘောက ဆိုက်ပရပ်နိုင်ငံတောင်ပိုင်းတွင်ရှိပြီး ထိုနေရာ၌ ဇွန် ၃၀ ရက်အထိတပ်စွဲထားမည်ဖြစ်သည်။ ရုရှားရေတပ်နှင့် လေတပ်တို့ပေါင်းပြီး အရှေ့မြေထဲပင်လယ်ထဲတွင် ဇွန် ၂၅ ရက် မှစ၍ ပူးတွဲစစ်ရေးလေ့ကျင့်ခန်းပြုလုပ်မည်ဖြစ်ကြောင်း၊ ထိုအထဲတွင် စစ်သင်္ဘောငါးစင်းနှင့် ရေငုပ်သင်္ဘော နှစ်စင်းတို့အပြင် မဟာဗျူဟာမြောက် တိုက်ခိုက်ရေးဗုံးကြဲ လေယာဉ်များနှင့် တိုက်လေယာဉ်များပါဝင် မည်ဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။ ဇွန် ၂၃ ရက်တွင် ပင်လယ်နက်အတွင်းရှိ ရုရှား၏ရေပိုင်နက်အတွင်းသို့ ရေမိုင်နှစ်မိုင်အထိ ဝင်ရောက်လာသည့် ဗြိတိန် ဖျက်သင်္ဘောတစ်စင်းက ရုရှားရေတပ်၏ သတိပေးမှုများကို လျစ်လျူရှုသည့်အတွက် ရုရှားစစ် သင်္ဘောတစ်စင်းနှင့် လေယာဉ် တစ်စင်းတို့က သတိပေးပစ်ခတ်မှုများလုပ်ဆောင်ရပြီးနောက် ယခုစစ်ရေးလေ့ကျင့်ခန်းကိုပြုလုပ်ခြင်းဖြစ်ကြောင်းသိရသည်။