ရုရှားက အာတိတ်ဒေသ၌ စစ်ရေးလေ့ကျင့်ခန်းများပြုလုပ်

မော်စကို၊ စစ်ရေး

ရုရှားစစ်ဘက်သည် မတ် ၃၀ ရက်တွင် အာတိတ်ဒေသ၌ စစ်ရေးလေ့ကျင့်ခန်းအသစ်များ ပြုလုပ်ကြောင်း သိရသည်။

အဆိုပါ အာတိတ်ဒေသသည် အမေရိကန်အပါအဝင် ပြိုင်ဘက်နိုင်ငံများနှင့် ဒေသတွင်းလွှမ်းမိုးမှု ယှဉ်ပြိုင်ရာ တွင် ရုရှားနိုင်ငံအတွက် အဓိကအရေးပါသည့်နေရာဖြစ်သည်။ ရုရှားစစ်ဘက်အနေဖြင့် မတ် ၂၀ ရက်မှစတင်၍   အလက်ဇန်းဒရားနယ်မြေ၌ စစ်ရေးလေ့ကျင့်ခန်းများကို လုပ်ဆောင်နေခြင်းဖြစ်ပြီး ထိုလေ့ကျင့်ခန်းကြီးတွင် သီးခြားစစ်ရေးလေ့ကျင့်ခန်းပေါင်း အခု ၄၀ ကျော်ပါဝင်မည်ဖြစ်သည်။ မတ် ၂၉ ရက်တွင်မူ မြောက်ပိုင်း ရေယာဉ်စု၏ ကွပ်ကဲမှုစစ်ရေး လေ့ကျင့်ခန်းကြီးကို စတင်ကြောင်းနှင့် ထိုလေ့ကျင့်ခန်းသည် ရက်ပေါင်းများစွာ ကြာမည်ဖြစ်ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနကထုတ်ပြန် ထားသည်။

အဆိုပါစစ်ရေးလေ့ကျင့်ခန်းတွင် Pantsir-S1 လေကြောင်းရန်ကာကွယ်ရေးစနစ်များကိုစမ်းသပ်မှု၊ MiG-31 တိုက်လေယာဉ်၏ မောင်းနှင်နေစဉ်ဝေဟင်ဆီဖြည့်မှုနှင့် တိုက်ခိုက်ရန်ဝင်လာသည့် မောင်းသူမဲ့လေယာဉ် များကို ကြားဖြတ်ဟန့်တားထိန်းချုပ်မှု လေ့ကျင့်ခန်းများ ပါဝင်မည်ဖြစ်ကြောင်းသိရသည်။

မတ် ၂၈ ရက်တွင်ပြုလုပ်သည့် စစ်ရေးလေ့ကျင့်ခန်းတွင် နျူကလီးယားစွမ်းအင်သုံးရေငုပ်သင်္ဘောသုံးစင်းက ရေခဲပြင်ကိုထိုးခွဲကာ ရေမျက်နှာပြင်ပေါ်တစ်ပြိုင်နက်တည်းတက်လာသည်ကိုမြင်တွေ့ရပြီး ရေငုပ်သင်္ဘော တစ်စင်းက ရေခဲပြင်အောက်မှနေ၍ တော်ပီဒိုတစ်လုံးပစ်ခတ်မှုကိုလည်း လုပ်ဆောင်ကြောင်းသိရသည်။

ထိုလေ့ကျင့်ခန်းသို့ ရုရှားသမ္မတ ဗလာဒီမာပူတင်ကိုယ်တိုင်တက်ရောက်ပြီး ရုရှားတပ်မတော်အနေဖြင့် ကြမ်းတမ်းသော ကမ္ဘာ့မြောက်ဖျားစွန်းနယ်မြေတွင် ကောင်းစွာစစ်ဆင်နိုင်စွမ်းရှိသည်ကို သက်သေပြသနိုင်ပြီ ဖြစ်ကြောင်း အားပေးစကားပြောကြောင်း သိရသည်။          

Ref: TST