ရုရှားနိုင်ငံခြားရေးဝန်ကြီး တရုတ်သို့ရောက်ရှိ၊ အမေရိကန်ဒေါ်လာအသုံးပြုမှု လျှော့ချရန်တောင်းဆို

မော်စကို၊ နိုင်ငံရေး

ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီလက်ရော့သည် မတ် ၂၂ ရက်တွင် တရုတ်နိုင်ငံသို့ ချစ်ကြည်ရေး ခရီးရောက်ရှိပြီး နှစ်နိုင်ငံစလုံးအနေဖြင့် အမေရိကန်ဒေါ်လာအပါအဝင်  ကမ္ဘာ့အနောက်ခြမ်းသုံး ငွေကြေး စနစ်များအပေါ် မှီခိုမှုကိုလျှော့ချရန် တောင်းဆိုကြောင်းသိရသည်။

ဆာဂျီလက်ရော့သည် တရုတ်နိုင်ငံ၌ နှစ်ရက်ကြာနေထိုင်ကာ တရုတ်နိုင်ငံခြားရေးဝန်ကြီးနှင့် ဆွေးနွေးပွဲများ ကျင်းပသွားမည်ဖြစ်သည်။  ယခုအချိန်သည်  အဆိုပါနှစ်နိုင်ငံစလုံးအနေဖြင့် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် အစိုးရနှင့် ဆက်ဆံရေးတင်းမာနေချိန်ဖြစ်သည်။

အမေရိကန်အစိုးရသည် ရုရှားနှင့်တရုတ်နိုင်ငံတို့၏ နည်းပညာဖွံ့ဖြိုးမှုအပေါ် ထိန်းချုပ်ရန်ကြိုးပမ်းနေပြီး ၎င်း ကိုရပ်တန့်နိုင်ရေးအတွက် နှစ်နိုင်ငံစလုံးက အမေရိကန်အပေါ်  မမှီခိုသင့်တော့ကြောင်း ဆာဂျီလက်ရော့က တရုတ်နိုင်ငံသို့မလာမီပြောဆိုထားသည်။

တရုတ်နှင့်ရုရှားအနေဖြင့် နည်းပညာပိုင်းဆိုင်ရာတွင် လွတ်လပ်စွာရပ်တည်ရေးကို အားပေးမြှင့်တင်ခြင်း၊ အမေရိကန်ဒေါ်လာငွေကြေးအစား နိုင်ငံသုံးငွေကြေးများနှင့် တစ်ကမ္ဘာလုံးဆိုင်ရာ ငွေကြေးများကို ပြောင်းလဲ အသုံးပြုခြင်းဖြင့် အရေးယူပိတ်ဆို့ခံရနိုင်ခြေကို လျှော့ချရန်လိုအပ်ကြောင်း လက်ရော့က မတ် ၂၁ ရက် တွင်ပြောသည်။

ရုရှားနိုင်ငံခြားရေးဝန်ကြီး၏ ခရီးစဉ်တွင် တရုတ်-ရုရှားရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်မှုက အမေရိကန် ဖန်တီးသော ပြဿနာများ၏သက်ရောက်မှုကို မည်ကဲ့သို့ ခုနှိမ်နိုင်မည်ကို တွေ့ရမည်ဖြစ်ကြောင်း တရုတ် နိုင်ငံပိုင်သတင်းစာတစ်စောင်က အစောပိုင်းတွင် ရေးသားဖော်ပြထားကြောင်း သိရသည်။

Ref: TST