ရုရှားနိုင်ငံထုတ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးက ၉၁ ဒသမ ၆ ရာခိုင်နှုန်းအာနိသင်ထိရောက်မှုရှိ

မော်စကို၊ ကျန်းမာရေး

ရုရှားနိုင်ငံထုတ် Sputnik V အမည်ရှိ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး၏ နောက်ဆုံးအဆင့် လက်တွေ့ စမ်းသပ်မှုရလဒ်ကို အပြန်အလှန်ဆန်းစစ်မှုလုပ်ရာတွင် ထိုဆေးသည် ကိုဗစ်-၁၉ ရောဂါကို   ကာကွယ် နိုင်မှု ၉၁ ဒသမ ၆ ရာခိုင်နှုန်း အာနိသင်ထိရောက်မှုရှိကြောင်းသိရသည်။

ယခုကဲ့သို့သော  အာနိသင်ထိရောက်မှုရှိသည့် ကာကွယ်ဆေးထွက်ပေါ်လာခြင်းသည် ကမ္ဘာ့ကပ်ရောဂါ ကို တိုက်ဖျက်ရေးအတွက်အကောင်းဆုံးသော နောက်ထပ်ဆေးတစ်မျိုးထွက်ပေါ်လာခြင်း ဖြစ်ကြောင်း နှင့် လက်တွေ့စမ်းသပ်မှုများမလုပ်ခင်ကတည်းက ရုရှားနိုင်ငံ၌အသုံးပြုနေမှုသည် သင့်လျော်သည့် လုပ်ဆောင်ချက်ဖြစ်ကြောင်း  သိပ္ပံပညာရှင်များကပြောသည်။

အဆိုပါကာကွယ်ဆေးကို စက်တင်ဘာလကတည်းက ရုရှားနိုင်ငံ၌အသုံးပြုနေခြင်းဖြစ်ပြီး ကနဦးစမ်း သပ်မှုအဆင့်များတွင်တင်ပြခဲ့သည့် အာနိသင်ထိရောက်မှု အချက်အလက်များနှင့်ညီညွတ်ကြောင်း Lancent ဆေးပညာဂျာနယ်က ဖေဖော်ဝါရီ ၂ ရက်တွင်ဖော်ပြသည်။

အစောပိုင်းတွင်  အဆိုပါကာကွယ်ဆေးထုတ်လုပ်မှုနှင့်ပတ်သက်၍ ပွင့်လင်းမြင်သာမှုမရှိခြင်းကြောင့် ဝေဖန်မှုများရှိသော်လည်း ယခုထွက်ပေါ်လာသောရလဒ်များသည်   ကာကွယ်ဆေးကောင်းတစ်ခု၏  အခြေခံစည်းမျဉ်းများနှင့်ညီညွတ်ကြောင်း ရီးဒင်းတက္ကသိုလ်နှင့် လန်ဒန်ဆေးတက္ကသိုလ်တို့မှ ပါမောက္ခ များဖြစ်သည့် အိုင်ယန်ဂျုန်းနှင့် ပိုလီရွိုင်းတို့ကပြောသည်။

ထိုကာကွယ်ဆေးအတွက်   စမ်းသပ်မှုကိုလူဦးရေ ၁၉၈၆၆ ဦးဖြင့် လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ၎င်းတို့ အနက် လေးပုံတစ်ပုံမှာ ဟန်ပြကာကွယ်ဆေးများကိုသာထိုးနှံခြင်းဖြစ်သည်။