ရုရှားသမ္မတ ပူတင်က Sputnik V ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးထားဟုဆို

ရုရှားသမ္မတ ပူတင်က Sputnik V ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးထားဟုဆို

ရုရှားသမ္မတ   ဗလာဒီမာပူတင်က ပြည်တွင်းဖြစ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးဖြစ်သော Sputnik V ကို ထိုးထားကြောင်း ဇွန် ၃ဝ ရက်တွင် ပြည်သူများကိုထုတ်ဖော်ပြောသည်။

နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုများ မြင့်တက်နေစဉ် ပူတင်က ယခုကဲ့သို့ထုတ်ဖော်ပြောဆိုခြင်းသည် ပြည်သူများ အနေဖြင့် ကိုဗစ်-၁၉  ရောဂါ ကာကွယ်ဆေးများ ထိုးလာစေရေးအတွက်  ရည်ရွယ်ခြင်းဖြစ်သည်။

အသက် ၆၈ နှစ်ရှိပြီဖြစ်သည့် ပူတင်သည် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး နှစ်လုံးစလုံးကို မတ်လနှင့်ဧပြီလတွင် ထိုးထားပြီးဖြစ်ကြောင်း ကရင်မလင် နန်းတော်က ယခင်က ထုတ်ပြန်ခဲ့သော်လည်း အသေးစိတ် အချက်အလက်များနှင့် ပူတင်အနေဖြင့် ကာကွယ်ဆေးထိုးမှု ခံယူနေသည့်ဓာတ်ပုံများကို ထုတ်ပြန်ခဲ့ခြင်း မရှိပေ။

ပူတင်က ၎င်းအနေဖြင့် နာတာရှည် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု မဖြစ်ပွားစေရေး အတွက် ကာကွယ်ဆေးထိုးရန် လိုအပ်သည်ဟု တွေးမိသောကြောင့် Sputnik Vကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ရွေးချယ်ထိုးခဲ့ခြင်းဖြစ်ကြောင်း နှစ်စဉ်ပြုလုပ်သော ရုပ်မြင်သံကြား အမေးအဖြေကဏ္ဍတွင် ပြောသည်။

ရုရှားနိုင်ငံရှိ   တပ်မတော်တစ်ရပ်လုံး Sputnik V ကာကွယ်ဆေးထိုးပြီးမှ ၎င်းအနေဖြင့်  ကာကွယ်ဆေးထိုးခဲ့ခြင်း ဖြစ်ကြောင်း ပူတင်က ဆက်ပြောသည်။

ထို့ပြင်    ယခင်က   ၎င်းအနေဖြင့် မည်သည့်ကာကွယ်ဆေး ထိုးထားသည်ကို အမည်နှင့်တကွ ထုတ်ဖော်မပြောခြင်းမှာ ကာကွယ်ဆေး ဈေးကွက်တွင် တစ်ပန်းမသာစေလိုသည့် အတွက်ဖြစ်ကြောင်း ပူတင်က ဆိုသည်။

ရုရှားအစိုးရက နိုင်ငံအတွင်း အသုံးပြုခွင့် ပေးထားသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး လေးမျိုးရှိပြီး    မည်သည့်ပြည်ပ ကာကွယ်ဆေးကိုမျှ  နိုင်ငံအတွင်း အသုံးပြုခွင့် မပေးထားကြောင်း သိရသည်။

ရုရှားနိုင်ငံ၌ ဇွန် ၃ဝ ရက်တွင်  တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူ ၆၆၉ ဦး ရှိသည့်အတွက် ရောဂါစတင် ဖြစ်ပွားပြီးနောက်ပိုင်း  တစ်ရက်အတွင်း သေဆုံးမှုနှုန်း အမြင့်ဆုံးဖြစ်သည်။

ထို့ပြင် တစ်ရက်အတွင်း ရောဂါကူးစက်ခံရသူ ၂၁ဝ၄၂ ဦးရှိကြောင်းနှင့် ထိုသို့ ရောဂါကူးစက်မှု များစွာမြင့်တက်လာခြင်းသည် ဒယ်တာဗီဇပြောင်း ရောဂါပိုးကြောင့်ဖြစ်ကြောင်း တာဝန်ရှိသူများက  ပြောသည်။