ရုရှား တရုတ်နှင့်အနောက်နိုင်ငံများကြား ပထဝီနိုင်ငံရေးဆိုင်ရာပြိုင်ဆိုင်မှုများ ဆက်လက် မြင့်တက် လာစေမည့် ဗြိတိန်အထူးတပ်ဖွဲ့၏ရည်မှန်းချက်များ

ရုရှား တရုတ်နှင့်အနောက်နိုင်ငံများကြား ပထဝီနိုင်ငံရေးဆိုင်ရာပြိုင်ဆိုင်မှုများ ဆက်လက် မြင့်တက် လာစေမည့် ဗြိတိန်အထူးတပ်ဖွဲ့၏ရည်မှန်းချက်များ

ဗြိတိန်အထူးတပ်ဖွဲ့သည် ပြိုင်ဘက်အင်အားကြီး နိုင်ငံများထံမှ ထွက်ပေါ်လာနိုင်သည့် ခြိမ်းခြောက်မှုများကို ကာကွယ်နိုင်ရေးအတွက် လျှို့ဝှက်ရည်မှန်း ချက်သစ်တစ်ရပ်ကို အာရုံစိုက် လုပ်ဆောင်လျက်ရှိသည်ဟု တော်ဝင်ကမ်းတပ်ဖွဲ့မှ  ဗိုလ်မှူးချုပ်မာ့တော့ တင်ကပြောကြားသည်။

တော့တင်သည် တော်ဝင်ကမ်းတပ်ဖွဲ့၏တပ်ဖွဲ့ဝင် အရေအတွက် ၄၀၀၀ ခန့်ရှိ အနာဂတ် ကွန်မန်ဒိုတပ်ဖွဲ့ကို ဦးဆောင်နေသူဖြစ်ပြီး ၎င်း၏တပ်ဖွဲ့ဝင်များသည် အင်အားကြီး ပြိုင်ဘက်နိုင်ငံများဖြစ်သည့်   ရုရှားနှင့် တရုတ်တို့ထံမှ  ထွက်ပေါ်လာနိုင်သည့်ခြိမ်းခြောက် မှုများကို ကာကွယ်တားဆီးရန် ဗြိတိန်ရေတပ်၏အထူး လေကြောင်းနှင့် အထူး ရေကြောင်းသွားလာရေး ရည်မှန်းချက်များကို အဓိကထားထမ်းဆောင်သွားမည် ဖြစ်သည်။

တစ်နည်းအားဖြင့်ဆိုရပါမူ အဆိုပါအထူးတပ်ဖွဲ့သည် တော်ဝင်ကမ်းတပ်ဖွဲ့မှ စစ်သည် အရေအတွက် အနည်းငယ်မျှဖြင့် အန္တရာယ်ကြီးမားသည့် နိုင်ငံဖြတ်ကျော်လုပ်ဆောင်ရေး တာဝန်များအပါအဝင် အမျိုးမျိုးသောတာဝန်များကို ထမ်းဆောင်မည်ဖြစ်သည်။ သို့ရာတွင်  အထူးတပ်ဖွဲ့အနေဖြင့်   မည်သို့သောတာဝန်များ   ထမ်းဆောင်မည် ဟူသည့်အချက်ကို အတိအကျ ထုတ်ဖော်ပြောကြားခဲ့ခြင်းမရှိပေ။

ဗြိတိန်အထူးတပ်ဖွဲ့အနေဖြင့် ရေပိုင်နက်အငြင်းပွားနေသည့် တောင်တရုတ်ပင်လယ် အနီးရှိ နိုင်ငံများမှ  ရေတပ်များကို လေ့ကျင့်သင်ကြားပေးမည့် အလားအလာရှိသည်။ အဆိုပါလေ့ကျင့်သင်ကြားမှု၏ အဓိကရည်ရွယ်ချက်မှာ ဒေသတွင်း အင်အားကြီး တရုတ် နိုင်ငံအားခုခံရာတွင် စွမ်းဆောင်ရည်ပိုမို ကောင်းမွန်စေရန် ဖြစ်သည်ဟု ဆိုနိုင်သည်။

တစ်ချိန်တည်းမှာပင် ဗြိတိန်တော်ဝင်ကမ်းတပ်ဖွဲ့သည် ဆူးအက်တူးမြောင်း၏ အရှေ့ပိုင်း နှင့် အင်ဒို-ပစိဖိတ်ဒေသရှိ တချို့ဒေသများတွင်လည်း ဖြန့်ကြက်မည့် အလားအလာ ရှိနေသည်။ အကြောင်းမှာ အင်ဒို-ပစိဖိတ်ဒေသတွင် ပထဝီနိုင်ငံရေးပြောင်းလဲမှုများ ဖြစ်ပေါ်နေသောကြောင့်   တော်ဝင်ကမ်းတပ်ဖွဲ့မှ အထူးတပ်ဖွဲ့များအား အဆိုပါဒေသတွင် ဖြန့်ကြက်ရမည်ဖြစ်သည်ဟု  ဗြိတိန်က ယူဆနေခြင်းကြောင့်ဖြစ်သည်။

ပြိုင်ဘက်နိုင်ငံကြီးများထံမှ ထွက်ပေါ်လာနိုင်သည့် ခြိမ်းခြောက်မှုများကို  ကာကွယ်မည့်  တော်ဝင်ကမ်းတပ်ဖွဲ့၏အစီအစဉ်သည်   အထူးတပ်ဖွဲ့များဆိုင်ရာ ညွှန်ကြားရေးမှူးက   ချမှတ်သည့် အစီအစဉ်တစ်ရပ်ဖြစ်ပြီး အဆိုပါအစီအစဉ်ကို အထူးစစ်ဆင်ရေးအယူ အဆဟု အမည်ပေးထားသည်။ ယင်းအစီအစဉ်အရ တော်ဝင်ကမ်းတပ်ဖွဲ့မှ အထူး တပ်ဖွဲ့ဝင်များ အနေဖြင့် ရုရှားနိုင်ငံ၏လျှို့ဝှက်လုပ် ဆောင်ချက်များကို    အတိအကျ ဖော်ထုတ်နိုင်ရန်  ဘော်တစ်ဒေသရှိ နိုင်ငံတစ်နိုင်ငံ သို့မဟုတ် အာဖရိက တိုက်ရှိ  နိုင်ငံတစ်နိုင်ငံတွင် ရည်မှန်းချက်တစ်ရပ်ကို အစပျိုးလုပ်ဆောင်မည့် အလားအလာရှိသည်။

ရုရှားနိုင်ငံသည် ယူကရိန်း၊ ဆီးရီးယားနှင့် အာဖရိကဒေသရှိ ၎င်းတို့၏ စစ်ဘက် ထောက်လှမ်းရေးအဖွဲ့ကို ထိရောက်စွာ အသုံးချလျက်ရှိသည်ဟု  ဗြိတိန်စစ်ဘက် အကြီးအကဲ များက ယူဆနေသည်။ ထို့ပြင်  ဗြိတိန်နိုင်ငံ၌  ၂၀၁၈ ခုနှစ်က ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုတွင်လည်း အဆိုပါထောက်လှမ်းရေးအဖွဲ့က နောက်ကွယ်မှ ကြိုးကိုင် လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု ဗြိတိန်အစိုးရက ရှုမြင်လျက်ရှိသည်။

အဆိုပါတိုက်ခိုက်မှုသည်   ဆာလစ်ဘယ်ရီမြို့၌  ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ယင်းတိုက်ခိုက်မှု အတွင်း ရုရှား စစ်ထောက်လှမ်းရေးအရာရှိဟောင်း ဆာဂျီစခရီပယ် နှင့် ၎င်း၏သမီးဖြစ်သူ ယူလီယာတို့မှာ အာရုံကြော ပျက်စီးစေသည့်အဆိပ်ဖြင့် တိုက်ခိုက်ခံခဲ့ရသည်။

အလားတူပင် ဗြိတိန်အစိုးရသည် တရုတ်နိုင်ငံမှ ထွက်ပေါ်လာနိုင်သည့်စိန်ခေါ်မှုကို တန်ပြန်ရန်လုပ် ဆောင်မည်ဟု အစိုးရကထုတ်ပြန်သည့် ၁၀ နှစ်ကြာ ဖော်ဆောင်မည့်    ကာကွယ်ရေးမဟာဗျူဟာတွင် ဖော်ပြထားသည်။ တစ်ချိန်တည်းမှာပင် ဗြိတိန်နိုင်ငံ သည် ဥရောပသမဂ္ဂပြင်ပရှိ ကမ္ဘာ့နိုင်ငံရေးနှင့်လုံခြုံ ရေးဇာတ်ခုံပေါ်တွင်လည်း အခန်းကဏ္ဍ တစ်ရပ်ဖြင့် ပါဝင်လုပ်ဆောင်နိုင်ရေးအတွက် ကြိုးပမ်းလျက်ရှိသည်။

တစ်နည်းအားဖြင့်ဆိုရပါမူ နိုင်ငံ၏ပြောင်းလဲလာသည့် ကာကွယ်ရေးဆိုင်ရာ ဦးစားပေး မှုများအရ ဗြိတိန်နိုင်ငံသည် ဥရောပသမဂ္ဂမှနုတ်ထွက်ပြီးနောက် ပိုင်းတွင်  တစ်ကမ္ဘာလုံး ဆိုင်ရာ နိုင်ငံရေးနှင့်လုံခြုံရေးတွင် ပါဝင်လာနိုင်စေရန် အဓိကထား လုပ်ဆောင် သွားမည်ဖြစ်သည်။  ထို့ပြင်  ဗြိတိန်နိုင်ငံအနေဖြင့် နေတိုးတပ်ဖွဲ့တွင် ဆက်လက်ပါဝင်၍ ဥရောပဒေသ၏ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကိုထိန်းသိမ်းသွားမည့်အပြင် အင်ဒို-ပစိဖိတ် ဒေသတွင်လည်း ပိုမိုနက်ရှိုင်းစွာပါဝင် လုပ်ဆောင်ရန် စီစဉ်နေသည်။

ထို့ကြောင့် ဗြိတိန်အစိုးရသည် နိုင်ငံ၏လေယာဉ် တင်သင်္ဘောသစ်တစ်စင်းဖြစ်သည့် HMS Queen Elizabeth ကို  ယခုနှစ်ကုန်ပိုင်းခန့်တွင် အင်ဒို-ပစိဖိတ်ဒေသသို့ ပထမဆုံးအကြိမ် အဖြစ် စေလွှတ်မည်ဖြစ်သည်။  ထိုသို့စေလွှတ်ခြင်းသည်  အင်ဒို-ပစိ ဖိတ်ဒေသအတွင်း၌ အင်အားပြသခြင်းဖြစ်သည်ဟု ဆိုနိုင်သကဲ့သို့ ဒေသတွင်းရှိ တရုတ်နိုင်ငံကို သတိပေး ခြင်းဖြစ်သည်ဟုလည်း ဆိုနိုင်သည်။

ဗြိတိန်အစိုးရသည် အင်ဒို-ပစိဖိတ်ဒေသတွင် ပါဝင် မှုအခန်းကဏ္ဍကို တိုးမြှင့်နိုင်ရေး အတွက် သြစတြေးလျ၊ တောင်ကိုရီးယား၊ အိန္ဒိယ စသည့်နိုင်ငံများနှင့်ဆက် ဆံရေးများ ကိုပါ ပိုမိုကောင်းမွန်စေရန် လုပ်ဆောင်လျက်ရှိသည်။ ဗြိတိန်၏ ချဉ်းကပ် လုပ်ဆောင်မှု သည် သံတမန်နည်းလမ်းများအရ ဦးစွာလုပ်ဆောင်မည်ဖြစ်ပြီး အရှေ့တောင်အာရှ နိုင်ငံများနှင့်ဆက်ဆံရေးကိုလည်း တိုးမြှင့်နိုင်ရန် ကြိုးပမ်းနေသည်။

အင်ဒို-ပစိဖိတ်ဒေသအတွင်း ပိုမိုပါဝင်လာနိုင်ရေးအတွက် ဗြိတိန်က ဒေသတွင်းရှိ နိုင်ငံများနှင့် ဆက်ဆံရေး ပိုမိုတိုးတက်လာစေရန် ကြိုးပမ်းခြင်းသည် အပြုသဘော ဆောင်သည့်  ဆောင်ရွက်ချက်တစ်ရပ် ဖြစ်သည်ဟုဆိုနိုင်သည်။  သို့သော်  အင်အားကြီး နိုင်ငံများထံမှ ထွက်ပေါ်လာနိုင်သည့် ခြိမ်းခြောက်မှုနှင့် စိန်ခေါ်မှုများကို  တန်ပြန်ရန် ဟူသောအကြောင်းပြချက်ဖြင့် တော်ဝင်ကမ်းတပ်ဖွဲ့မှ အထူးတပ်ဖွဲ့များကို တောင်တရုတ် ပင်လယ်ဒေသအနီးအပါအဝင် အင်ဒို-ပစိဖိတ်ဒေသသို့စေလွှတ်ရန်    စီစဉ်နေခြင်းသည် အနောက်အင်အားကြီးနိုင်ငံများနှင့် ရုရှား၊ တရုတ် တို့ကြား စစ်အေးတိုက်ပွဲကာလကို ပြန်လည်အသက်သွင်းရန် ကြိုးပမ်းနေခြင်းဖြစ်သည်ဟုလည်း ဆိုနိုင်သည်။

ထို့ကြောင့် ဗြိတိန်က ၎င်းတို့၏အထူးတပ်ဖွဲ့များအား စေလွှတ်ခြင်းကို ရုရှားနှင့်တရုတ် တို့ကလည်း စောင့်ကြည့်နေမည့်  အလားအလာရှိသောကြောင့် ရုရှား၊ တရုတ်နှင့် အနောက်နိုင်ငံများကြား ပထဝီနိုင်ငံ ရေးဆိုင်ရာပြိုင်ဆိုင်မှုများ  ဆက်လက်မြင့်တက်လာ မည့်အလားအလာရှိကြောင်း ရေးသားတင်ပြလိုက်ရပါသည်။       ။

ဇေယျဘုန်း

Ref: Express, Sputnik, BBC