ရေနံဈေးနှင့် ပြည်တွင်းငွေ လဲလှယ်နှုန်းမြင့်တက်မှုကြောင့် စက်သုံးဆီ လက်လီဆိုင်များ အရောင်းအဝယ် ပြန်လည်ကောင်းမွန်

ကမ္ဘာ့ရေနံဈေးနှုန်းနှင့်     ပြည်တွင်းငွေ လဲလှယ်နှုန်းမြင့်တက်လာခြင်းကြောင့် စက်သုံးဆီ လက်ကားဈေးနှုန်းများ မြင့်တက်လာ၍     ရန်ကုန်လက်လီဈေးကွက်၌ အရောင်းအဝယ်    ပြန်လည်မြင့်တက်လာကြောင်း   မြင့်မြတ်ထွဋ်ခေါင် စက်သုံးဆီအရောင်းဆိုင် အထွေထွေမန်နေဂျာ  ဦးတင်မင်းလွင်၏ ပြောပြချက်အရ သိရသည်။

''ရေနံဈေးတက်တာနဲ့အတူ  ပြည်တွင်းငွေလဲလှယ်နှုန်းကလည်း    နည်းနည်း ပြန်တက်လာတယ်ဆိုတော့    ပြည်တွင်းစက်သုံးဆီ လက်ကားဈေးက အတက်ဘက်ကိုရောက်နေပါတယ်''  ဟု ဦးတင်မင်းလွင် ကပြောသည်။

ထို့ပြင်    စက်သုံးဆီ ဝယ်ယူသိုလှောင် ထားသူများ ပြန်လည် ရောင်းချပါက လက်ကားဈေးနှုန်းများ ပြန်လည်ကျဆင်းနိုင်ပြီး မရောင်းချသေးပါက ပုံမှန်အတိုင်းဆက်လက်ရှိနိုင်ကြောင်း သိရသည်။

ထိုသို့ ဈေးနှုန်းများ မြင့်တက်လာရခြင်းမှာ  လယ်ယာလုပ်ငန်းများအပြင်  COVID-19 ရောဂါကြောင့် ရပ်နားထားသည့် လုပ်ငန်းများ ၇ဝ ရာခိုင်နှုန်းခန့် ပြန်လည် လည်ပတ်လာပြီဖြစ်သောကြောင့်    ယခုကဲ့သို့  အရောင်းအဝယ် ပြန်လည်ကောင်းမွန်လာခြင်းဖြစ်ကြောင်း သိရသည်။

''အရောင်းအဝယ် အခြေအနေက လယ်ယာလုပ်ငန်းတွေနဲ့ ရပ်နားထားတဲ့လုပ်ငန်း တွေ ပြန်လည်လုပ်ကိုင်လာတော့ အဝယ် နည်းနည်း ပြန်လိုက်လာပါပြီ။ အခု  ရာနှုန်းပြည့် မဟုတ်ရင်တောင်  ၇ဝ  ရာခိုင်နှုန်းလောက်  လုပ်ငန်းခွင် ပြန်ဝင်နေကြသလို ဖြစ်သွားတယ်''ဟု ဦးတင်မင်းလွင် ကပြောသည်။

ဒီဇင်ဘာ ၁၄ ရက်တွင် ကမ္ဘာ့ရေနံစိမ်း တစ်စည်လျှင် အမေရိကန်ဒေါ်လာ ၄၆ ဒသမ ၅၉ ဒေါ်လာအထိရှိပြီး ပြည်တွင်း ငွေလဲလှယ်နှုန်းမှာ  အမေရိကန်တစ်ဒေါ်လာလျှင် ဝယ်ဈေး ငွေကျပ် ၁၃၈ဝ နှင့် ရောင်းဈေး ငွေကျပ် ၁၃၉ဝ အထိ ရှိကြောင်း သိရသည်။

စက်သုံးဆီ လက်ကားဈေးနှုန်းများမှာ အောက်တိန်း ၉၂ တစ်လီတာလျှင် ငွေကျပ် ၅၆ဝ၊ အောက်တိန်း ၉၅ တစ်လီတာလျှင် ငွေကျပ်  ၅၇ဝ၊  ဒီဇယ်တစ်လီတာလျှင် ငွေကျပ် ၅၆၅ ကျပ်၊   ပရီမီယမ်ဒီဇယ် တစ်လီတာလျှင်  ငွေကျပ် ၅၇၅ ကျပ် ရှိကြောင်း သိရသည်။