ရေဖြူမြို့ရှိ အခြေခံပညာအထက်တန်းကျောင်းသို့ အကြမ်းဖက်သမားများက လက်လုပ်အသံဗုံးဖြင့် နှောင့်ယှက်ဖောက်ခွဲ

ရေဖြူမြို့ရှိ အခြေခံပညာအထက်တန်းကျောင်းသို့ အကြမ်းဖက်သမားများက လက်လုပ်အသံဗုံးဖြင့် နှောင့်ယှက်ဖောက်ခွဲ

နေပြည်တော်၊ ဧပြီ - ၁

        ၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ဒုတိယနေ့အဖြစ် အင်္ဂလိပ် စာဘာသာရပ်ကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့ရှိ အခြေခံပညာအထက် တန်းကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများက ဝင်ရောက်ဖြေဆိုလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် အကြမ်းဖက်သမားများက တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့၊(ခ)ရပ်ကွက်၊ ကျောက်တိုင်လမ်းရှိ အခြေခံပညာအထက်တန်းကျောင်း (ရေဖြူ)သို့ လက်လုပ် အသံဗုံး ၁ လုံးဖြင့် လာရောက်နှောင့်ယှက်ပစ်ခတ်ခြင်းကြောင့် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

        ဖြစ်စဉ်မှာ ယနေ့နံနက် ၈ နာရီ ၅၀ မိနစ်ခန့်တွင် ရေဖြူမြို့ရှိ အခြေခံပညာ အထက်တန်းကျောင်း(ရေဖြူ)သို့ အကြမ်းဖက်သမားများက ကျောင်း၏အ‌နောက် ဘက်  ရာဘာခြံအတွင်းမှ ကျောင်းဝန်းအတွင်းသို့ လက်လုပ်အသံဗုံးဖြင့် လာရောက် ပစ်ခတ် ၍ ရာဘာခြံအနောက်ဘက်သို့ ပြန်လည်ထွက်ပြေးသွားခဲ့ကြောင်း၊ အဆိုပါ လက်လုပ်အသံဗုံးသည် ကျောင်းဆောင်၏ ၁၅ ပေခန့်အကွာ အုတ်တံတိုင်ဘေး မြေကွက်လက်သို့ ကျရောက်ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

        အဆိုပါပေါက်ကွဲမှုကြောင့် လူ၊ တိရစ္ဆာန်နှင့် အဆောက်အဦများ ထိခိုက် ပျက်စီးမှုမရှိကြောင်း၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဒုတိယနေ့အဖြစ် အင်္ဂလိပ်စာ ဘာသာရပ်ကို ကျောင်းသား၊ ကျောင်းသူများက အေးချမ်းစွာ ဖြေဆိုနိုင်ခဲ့ကြောင်းနှင့် အဆိုပါနေရာတစ်ဝိုက်အား လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များက စနစ်တကျ စောင့်ကြပ်ကြည့်ရှုပေးလျက်ရှိကြောင်း သတင်းရရှိသည်။