ရောဂါကူးစက်မှုထိန်းချုပ်ရေး အစီအစဉ်များပေါ်တွင် မူတည်နေသည့် ဂျပန်စီးပွားရေး တိုးတက်မှု

ရောဂါကူးစက်မှုထိန်းချုပ်ရေး အစီအစဉ်များပေါ်တွင် မူတည်နေသည့် ဂျပန်စီးပွားရေး တိုးတက်မှု

နိုင်ငံအတွင်း ရောဂါကူးစက်မှု ပြန်လည်ဖြစ်ပွားနေခြင်းကြောင့် ဂျပန်နိုင်ငံ၏စီးပွား ရေးတိုးတက်မှုသည်   ယခုနှစ်   တတိယ သုံးလပတ်အတွင်း မျှော်မှန်းထားသည် ထက်   လျော့ကျနိုင်မည့် အလားအလာရှိသည်။ ဂျပန်အစိုးရသည်လက်ရှိတွင်    ရောဂါကူးစက်မှု ကို ထိန်းချုပ်နိုင်ရေးအတွက်  မြို့တော်တိုကျို၌ အရေးပေါ်ထိန်းချုပ် ကန့်သတ်မှုများ ချမှတ်လျက်ရှိသည်။

တိုကျိုမြို့၌ချမှတ်ခဲ့ရသည့် အရေးပေါ် ထိန်းချုပ်ကန့်သတ်မှုကြောင့် ပြည်သူများနှင့် စီးပွားရေးလုပ်ငန်းများအပေါ် အကျိုးဆက်ဖြစ်ပေါ်စေနိုင်သည်ဟု စီးပွားရေးပညာရှင် များက ခန့်မှန်းထားကြသည်။ ဂျပန်နိုင်ငံသည် လက်ရှိတွင်ကမ္ဘာပေါ်၌ တတိယအကြီးဆုံး  စီးပွားရေးအင်အားကြီးနိုင်ငံ အဖြစ်ရပ်တည်နေပြီး  နိုင်ငံ၏စီးပွားရေး တိုးတက်မှုနှုန်းသည် သုံးလပတ်ကာလ အတွင်း  ၄  ဒသမ ၂ ရာခိုင်နှုန်းအထိ ရောက်ရှိမည်ဟု  ကနဦးတွင် ခန့်မှန်းထားသည်။

အစိုးရသည် တိုကျိုမြို့၌ အရေးပေါ်အခြေအနေသစ်တစ်ရပ်ကို ယခုရက်သတ္တပတ်အတွင်း    ထုတ်ပြန်ကြေညာခဲ့ရပြီး ယင်းအရေးပေါ်အခြေအနေသည် သြဂုတ် ၂၂ ရက်အထိ အကျုံးဝင်မည်ဖြစ်သည်။ ထို့ကြောင့် အစိုးရ၏ အဆိုပါအရေးပေါ် ကြေညာချက်သည်   မြို့တော်အတွင်းရှိ စားသောက်ဆိုင်များနှင့် ဘားဆိုင်များအပေါ် စီးပွားရေးအရ  ထိခိုက်နိုင်မည့်  အရေးနှင့်စပ်လျဉ်း၍   စိုးရိမ်မှုများထွက် ပေါ်လာစေခဲ့သည်။ လက်ရှိတွင် အစိုးရက  အဆိုပါဆိုင်များကို   သတ်မှတ်ထားသည့် အချိန်အတွင်းသာ ဖွင့်လှစ်ခွင့် ပြုထားသည်။

ဂျပန်နိုင်ငံ၏စီးပွားရေးသည်  ကာလရှည်ကြာရင်ဆိုင်နေရသော ရောဂါကူးစက်မှုကြောင့် ပြန်လည်နာလန်ထူရန် ရုန်းကန် နေရသည့်   အခြေအနေတွင်ရှိနေသည်။  အထူးသဖြင့်    ခရီးသွားလုပ်ငန်းများ၊ စားသောက်ဆိုင်လုပ်ငန်းများနှင့်  တခြား အပန်းဖြေလုပ်ငန်းများမှာ  ဆိုးရွားသည့် စီးပွားရေးအကျိုးဆက်များနှင့် ရင်ဆိုင်နေ ရသည်ဟုဆိုနိုင်သည်။

နိုင်ငံ၏စီးပွားရေးတိုးတက်မှုသည် ယခုနှစ် ဇန်နဝါရီလမှ မတ်လအတွင်း ၃ ဒသမ ၉ ရာခိုင်နှုန်းကျဆင်းသွားသည်။ အဆိုပါ ပမာဏသည် ယခင်က ကျွမ်းကျင်သူများနှင့်  စီးပွားရေး ပညာရှင်များ ခန့်မှန်းထားသည့်ပမာဏထက် လျော့ကျနေသည်ကို တွေ့ရသည်။ အစိုးရသည် ယခုနှစ်ဒုတိယ သုံးလပတ်၏ဂျီဒီပီခန့်မှန်းချက်ကို သြဂုတ်  ၁၆ ရက်တွင် ထုတ်ပြန်မည့်အလားအလာ ရှိသည်။

ရောဂါကူးစက်မှု ပြန်လည်ဖြစ်ပွားလာခြင်းကြောင့် နိုင်ငံ့စီးပွားရေးအပေါ်  ကျရောက် လာနိုင်သည့် အကျိုးဆက်ကို လျှော့ချနိုင်ရေးနှင့် စီးပွားရေးတိုးတက်မှုကို လှုံ့ဆော်ပေးရေး အတွက်  အစိုးရအနေဖြင့်  အပိုအသုံးစရိတ်များထုတ်ယူ သုံးစွဲရန်  အာဏာရပါတီမှ  လွှတ်တော်အမတ်များက အစိုးရကိုတိုက်တွန်းထားသည်။ ဂျပန်နိုင်ငံ၌ ဇူလိုင် ၁၃ ရက်အထိ ရောဂါကူးစက်ခံထားရသူ ၈၂၅၁၂၂ ဦးရှိ ပြီး တိုကျိုမြို့မှာ ရောဂါအများဆုံး ကူးစက်သည့်ဒေသများ၌ ပါဝင်လျက်ရှိသည်။

နိုင်ငံအတွင်း   ရောဂါကူးစက်မှုများ ဖြစ်ပွားလျက်ရှိသော်လည်း  ပို့ကုန်တင်ပို့ ခြင်းနှင့်      သွင်းကုန်တင်သွင်းခြင်းတို့ ဆက်လက်တိုးတက်လျက်ရှိသောကြောင့် နိုင်ငံ့စီးပွားရေးမှာ အတော်အသင့်ခံသာ နေသည်ဟုဆိုနိုင်သည်။ သို့သော် တချို့စီးပွားရေးလုပ်ငန်းများမှာ ကုန်ကြမ်းပစ္စည်း များဈေးတက်မှု၊ ပြတ်လပ်မှုတို့နှင့်ရင်ဆိုင် နေရဆဲဖြစ်သည်။ ထို့ကြောင့် နိုင်ငံ့စီးပွား ရေး   ပြန်လည်နာလန်ထူနိုင်ရေးသည်  ရောဂါကူးစက်မှုများကို   အလျင်အမြန် ထိန်းချုပ်နိုင်ရန်  အစိုးရ၏ဆောင်ရွက်မှု၊   နိုင်ငံအတွင်းရှိ   ပြည်သူများအား ကာကွယ် ဆေးထိုးနှံပေးနိုင်မှုပေါ်တွင် မူတည်နေသည်ဟု ပညာရှင်များကဆိုသည်။

အစိုးရအနေဖြင့် လက်ရှိဖြစ်ပွားနေသည့် ရောဂါကူးစက်မှုကြောင့် နောက်ဆက်တွဲ ဖြစ်ပေါ်လာသည့်   အကျိုးဆက်များကို  အရေးတယူကိုင်တွယ်ဖြေရှင်းရန်  နိုင်ငံရေးအရ ဖိအားပေး ခံနေရသည်။ လက်ရှိတွင်  ဂျပန်အစိုးရသည်  တိုကျိုမြို့အတွင်း ဖြစ်ပွားနေသည့် ရောဂါကူးစက် မှုများကို   ထိရောက်စွာထိန်းချုပ်နိုင်ရေး အတွက် အမေရိကန်ဒေါ်လာ သုံးထရီလီယံ အထိအသုံးပြုရန်   စီစဉ်ထားပြီးဖြစ်သည်။ အဓိကရည်ရွယ်ချက်မှာ  ရောဂါ  ကူးစက်မှုကြောင့် ထိခိုက်ခဲ့ရသော စီးပွားရေးလုပ်ငန်းများ ပြန်လည်လည်ပတ်နိုင်ပြီး  စီးပွားရေး ပြန်လည်ကောင်းမွန်လာစေရန် ဖြစ်သည်။ အချုပ်အားဖြင့်ဆိုရပါမူ ဂျပန် နိုင်ငံ၏ စီးပွားရေးတိုးတက်မှုနှုန်းသည် နိုင်ငံအတွင်း ပြန်လည်ဖြစ်ပွားလာသည့် ရောဂါ ကူးစက်မှုများကြောင့် ကျဆင်းလာခဲ့ရသည် ဟုဆိုနိုင်သည်။  ထိုအခြေအနေကို ကျော် ဖြတ်နိုင်ရန်နှင့် စီးပွားရေးပြန်လည် နာလန်ထူမှုမြန်ဆန်လာစေရန် အစိုးရကလုပ်ဆောင် လျက်ရှိသည်။ နိုင်ငံ့စီးပွားရေး လျင်မြန်စွာ ပြန်လည်တိုးတက်လာစေရန်မှာ အစိုးရက ဖော်ဆောင်နေသည့် ရောဂါကူးစက်မှုထိန်းချုပ်ရေး အစီအစဉ်များ၏ ထိရောက်မှုပေါ်     များစွာ မူတည်လျက်ရှိကြောင်း   ရေးသားတင်ပြလိုက်ရပါသည်။

Ref: Yahoonews, Kyodonews