ရောဂါပိုးထိန်းချုပ်ရေးတွင် အလားအလာကောင်းများမြင်တွေ့လာရပြီဖြစ်သည့်အင်ဒိုနီးရှား

ရောဂါပိုးထိန်းချုပ်ရေးတွင် အလားအလာကောင်းများမြင်တွေ့လာရပြီဖြစ်သည့်အင်ဒိုနီးရှား

အင်ဒိုနီးရှားနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါပိုးကူးစက်မှုထိန်းချုပ်နိုင်ရေးအတွက် အစိုးရက ချမှတ်ထားသည့် ကန့်သတ်ချက်များသည် ကောင်းမွန်သောအလားအလာများကိုထွက်ပေါ်လာစေသည်။    နိုင်ငံအတွင်းအစိုးရကတင်းကျပ်သည့်ကန့်သတ်ချက်များချမှတ်ပြီးနောက်ပိုင်းတွင် ရောဂါပိုးကူးစက်ခံရသူအရေအတွက်မှာ  ယခင်ကထက်စာပါက သိသိသာသာကျဆင်းလာခဲ့သည်။ထို့ကြောင့်   လက်ရှိ ရောဂါပိုးကူးစက်မှုထိန်းချုပ်ရေးအခြေအနေကို ဆက်လက် ထိန်းထားနိုင်မည်ဆိုပါက   နိုင်ငံအတွင်းချမှတ်ထားသည့်ကန့်သတ်ချက်များကို ဇူလိုင်၂၆ ရက်မှစ၍ တဖြည်းဖြည်းဖြေလျှော့ပေးနိုင်မည်ဖြစ်သည်ဟု  သမ္မတဂျိုကိုဝီဒိုဒိုကပြောသည်။ အစိုးရသည် ရောဂါပိုးကူးစက်မှုကိုထိန်းချုပ်နိုင်ရန်အတွက် အပန်းဖြေစခန်းများအဖြစ် လူသိများထင်ရှားသည့် ဘာလီကျွန်းနှင့် ဂျာဗားကျွန်းတို့တွင် တင်းကျပ်သည့်ကန့်သတ်ချက်များကို ဇူလိုင်လအစောပိုင်းကတည်းကချမှတ်ခဲ့ခြင်းဖြစ်သည်။ အစိုးရ၏ကန့်သတ်ချက်များတွင်ခရီးသွားလာမှုများကိုတားမြစ်ခြင်းနှင့်   ဈေးဝယ်စင်တာများကိုပိတ်ပစ်ခြင်းတို့ပါဝင်သည်။

အစိုးရသည် ကန့်သတ်မှုများကိုချမှတ်ရာတွင် ကဏ္ဍအလိုက်ကန့်သတ်ခဲ့ခြင်းဖြစ်ပြီးစွမ်းအင်နှင့် ကျန်းမာရေးကဏ္ဍကဲ့သို့သောအရေးကြီးသည့်ကဏ္ဍများတွင် တာဝန်ထမ်းဆောင်နေသူများမှအပ  ကျန်ကဏ္ဍများတွင်လုပ်ကိုင်နေသည့် ဝန်ထမ်းများ၏ သွားလာမှုများကိုအထူးကန့်သတ်ခဲ့သည်။   ယင်းနောက်ပိုင်းတွင် ရောဂါပိုးကူးစက်မှုနှုန်းမှာ ကျဆင်းလာသည့်အပြင်    ဆေးရုံတက်၍ဆေးကုသမှုခံယူရသည့်လူနာအရေအတွက်ပါလျော့ကျလာခြင်းဖြစ်သည်။အစိုးရသည် တင်းကျပ်သည့်ကန့်သတ်ချက်များကိုချမှတ်ပြီးနောက်ပိုင်းတွင် မြေပြင်အခြေအနေများကိုစောင့်ကြည့်နေခဲ့သည့်အပြင်  ကန့်သတ်မှုချမှတ်ခံရသည့် ပြည်သူများထံမှထွက်ပေါ်လာသံများကိုပါ လေ့လာသုံးသပ်ခဲ့ကြသည်။ ထို့ကြောင့် ရောဂါပိုးကူးစက်မှုနှုန်းမှာ ဆက်လက်ကျဆင်းလာမည်ဆိုပါက အဆိုပါကန့်သတ်ချက်များကို တဖြည်းဖြည်းလျှော့ချပေးရန်စီစဉ်ခြင်းဖြစ်သည်။   အစိုးရသည် လောလောဆယ်တွင်လမ်းဘေးဈေးဆိုင်များ၊   ကုန်စုံဆိုင်များ၊ မိုဘိုင်းဖုန်းအရောင်းဆိုင်များ၊ ဆံသဆိုင်များ၊ကားဝပ်ရှော့ဆိုင်များနှင့် အခြားအသေးစားစီးပွားရေးလုပ်ငန်းများကို ည ၉ နာရီအထိရောဂါပိုးထိန်းချုပ်ရေး စည်းမျဉ်းစည်းကမ်းများနှင့်အညီရောင်းချခွင့်ပြုထားသည်။ ထို့ပြင်အစိုးရအနေဖြင့်  ထောက်ပံ့ရေးအစီအစဉ်အဖြစ် ငွေကြေးနှင့်အစားအသောက်များကိုထောက်ပံ့ပေးမည့်အပြင်  ကျောင်းသားများအတွက်   အင်တာနက်အသုံးပြုမှုကို ကန့်သတ်ပမာဏအတိုင်း  အခမဲ့ပေးရန်စီစဉ်ထားသည်။

အင်ဒိုနီးရှားနိုင်ငံတွင်   ပြီးခဲ့သည့်ရက်သတ္တပတ်အတွင်း နေ့စဉ် လူ ၅၀၀၀၀ ခန့်ရောဂါပိုးကူးစက်ခံခဲ့ရသော်လည်း  ဇူလိုင်၂၀ ရက်တွင် ရောဂါပိုးကူးစက်ခံရသူအရေအတွက်မှာ သုံးသောင်းကျော်အထိကျဆင်းလာသည်။ ထို့ကြောင့် အစိုးရကချမှတ်ထားသည့် တင်းကျပ်သည့်ကန့်သတ်ချက်များကိုတိကျစွာလိုက်နာပါက ရောဂါပိုးကူးစက်မှုနှုန်းမှာ ဆက်လက်ကျဆင်းလာနိုင်ပြီး ချမှတ်ထားသည့်ကန့်သတ်ချက်များကို အစိုးရကမကြာမီပြန်လည်ဖြေလျှော့ပေးနိုင်မည့်အခြေအနေတွင်ရှိနေသည်။