ရွာသာကြီး-သဲဖြူကုန်းခရီးစဉ်ပြေးဆွဲနေသော မြန်မာ့မီးရထား ကျောက်ရထားကို PDF အမည်ခံ အကြမ်းဖက်သမားများက မိုင်းထောင်ဖောက်ခွဲဖျက်ဆီးတိုက်ခိုက်

ရွာသာကြီး-သဲဖြူကုန်းခရီးစဉ်ပြေးဆွဲနေသော မြန်မာ့မီးရထား ကျောက်ရထားကို PDF အမည်ခံ အကြမ်းဖက်သမားများက မိုင်းထောင်ဖောက်ခွဲဖျက်ဆီးတိုက်ခိုက်

နေပြည်တော်၊ ဧပြီ ၁၅

          ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့မီးရထားအနေဖြင့် နိုင်ငံအဝန်းရှိ ပြည်သူ များ၏ ခရီးသွားလာမှု၊ ကုန်စည်ပို့ဆောင်မှုများ အဆင်ပြေစေရေး၊ ပြည်တွင်းထုတ်ကုန်များနှင့် နယ်စပ်ဒေသမှ တင်သွင်းလာသည့် ကုန်ပစ္စည်းများ အဆင်ပြေချောမွေ့စွာ စီးဆင်းနိုင်ရေး စသည့် ရည်မှန်းချက်တာဝန်များချမှတ်၍ ရထားကွန်ယက်ကြီးတစ်ခုလုံးတွင် အမြန်လူစီးရထားခရီးစဉ် (၁၈)စင်း၊ စာပို့ရထားခရီးစဉ် (၁၂)စင်း၊ လူစီးကုန်တင် ရထားခရီးစဉ်(၈)စင်းတို့နှင့် ရန်ကုန်မြို့ပတ် နှင့်ဆင်ခြေဖုံးရထားခရီးစဉ် (၃၀)စင်း၊ စုစုပေါင်း ရထားခရီးစဉ် (၆၈)စင်းတို့နှင့် ကုန်ရထား ခရီးစဉ်များကို နေ့စဉ်စီစဉ်ပြေးဆွဲလျက်ရှိသကဲ့သို့ ရထားလမ်းပိုင်းများကြံ့ခိုင်ရေးနှင့်အဆင့်မြှင့်တင် နိုင်ရေးတို့အတွက် ကျောက်ရထားများ၊ အင်ဂျင်နီယာရထားခရီးစဉ်များဖြင့်လည်း သယ်ယူပို့ဆောင် ပေးလျက်ရှိသည်။

          ထိုသို့ ဆောင်ရွက်လျက်ရှိရာ ရန်ကုန်-မော်လမြိုင်လမ်းပိုင်းရှိ ရွာသာကြီး-သဲဖြူကုန်း ခရီးစဉ် ပြေးဆွဲနေသော အမှတ်(၆၈၈-A)အဆန်ရထားသည် မြန်မာ့မီးရထားပိုင် လမ်းခင်းကျောက်များ တင်ဆောင်ရန်ထွက်ခွာလာစဉ် သထုံမြို့နယ်၊ သထုံဘူတာနှင့် ရင်းငြိမ်ဘူတာအကြား တံတား အမှတ်(၉၃)ကားလမ်းကူး  မိုင်တိုင်အမှတ်၊ ၁၄၁/၁၅-၁၄ သို့ ဧပြီ ၁၄ ရက် မွန်းလွဲ ၁ နာရီတွင် ဖြတ်သန်းမောင်းနှင်စဉ် PDF အမည်ခံအကြမ်းဖက်သမားများ ထောင်ထားသည့် မိုင်းပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး မိုင်းပေါက်ကွဲမှုကြောင့် စက်ခေါင်း DF-2053 ၏ Cab-1 စက်ခေါင်းမောင်း ရှေ့လေကာ မှန်ကွဲအက်၍ ရထားလမ်းအနောက်ဘက်သံလမ်း ၁ ပေခွဲ ခန့်နှင့် အရံအတွင်းသံလမ်းထိန်း ၄ ပေ ခန့် ပြတ်ထွက်ခဲ့ကြောင်း မြန်မာ့မီးရထားမှ သိရှိရသည်။

PDF အမည်ခံအကြမ်းဖက်သမားများသည် သံလမ်းပြတ်ထွက်၍ ရထားတိမ်းမှောက်ပြီး ပျက်စီးဆုံးရှုံးမှုများ ကြုံတွေ့စေရန် ရည်ရွယ်ချက်ဖြင့် မိုင်းထောင်ခဲ့ခြင်းဖြစ်ပြီး မိုင်းပေါက်ကွဲမှု ကြောင့် သထုံ-ရင်းငြိမ်လမ်းပိုင်းအား မွန်းလွဲ ၁ နာရီ ၃၁ မိနစ်တွင် ပိတ်ထားခဲ့ရသဖြင့် လူစီး ရထား(၁)စင်းမှာ (၁)နာရီခွဲခန့်၊ အမှတ်(၆၈၄)အဆန် တွဲလွတ်ကျောက်ရထားမှာ (၅၅)နာရီခန့် နောက်ကျခဲ့ရပြီး သံလမ်းအားပြန်လည်ပြုပြင်ခဲ့ရာ ညနေ ၄ နာရီ ၃၆ မိနစ်မှစ၍ ရထားများပုံမှန် ပြန်လည်ပြေးဆွဲ ပေးနေပြီဖြစ်ကြောင်း သိရှိရသည်။

          အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များအနေဖြင့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ(၁)ရက်နေ့မှစ၍ ယခုအချိန်အထိ မြန်မာ့မီးရထား၏ ရန်ကုန်-ပဲခူး-မော်လမြိုင် လမ်းပိုင်းအတွင်း ရထားလမ်းများ၊ တံတားများအား ရည်ရွယ်ချက်ရှိရှိဖြင့် တံတားမိုင်းခွဲခံရမှု(၆)ကြိမ်၊ သံလမ်းမိုင်းခွဲခံရမှု (၄)ကြိမ်၊ လက်လုပ်မိုင်းပေါက်ကွဲ/တွေ့ရှိမှု (၆)ကြိမ် စုစုပေါင်း (၁၆)ကြိမ်နှင့် ဘူတာ/ဝန်ထမ်းနေအိမ်များအား မီးရှို့ဖျက်စီးခြင်း(၁)ကြိမ်တို့ကို ကျူးလွန်ခဲ့ကြကြောင်း၊ ထို့အတူ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ (၁)ရက် မှစ၍ ယခုအချိန်ထိ မြန်မာ့မီးရထားလမ်း ကွန်ယက်တစ်ခုလုံးတွင် ရထားလမ်းနှင့် ရထား ဘူတာ နယ်မြေအတွင်း ဗုံးထောင်၊ မိုင်းခွဲဖျက်စီးခြင်း (၁၁၂)ကြိမ်၊ ရထားတံတားများအား မိုင်းခွဲ ဖျက်စီးခြင်း (၃၇)ကြိမ်၊ ဘူတာများအား မီးရှို့ဖျက်စီးခြင်း (၁၁)ကြိမ်တို့ကို ကျူးလွန်ခဲ့ကြပြီး ဖြစ်ကြောင်း   မြန်မာ့ မီးရထားမှ သိရှိရသည်။

ယခုကဲ့သို့ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့ရှိ အများပြည်သူ ခရီးသွားလာမှုနှင့် ကုန်စည်ပို့ဆောင်မှု အဆင်ပြေချောမွေ့စေရေးအတွက် အဓိကအားထားနေရ သည့် ပဲခူး-မော်လမြိုင် ရထားလမ်းပိုင်းတွင် လူစီးရထားများ၊ ကုန်ရထားခရီးစဉ်များ ပြေးဆွဲမှု နှောင့်နှေးကြန့်ကြာစေရေး၊ ခရီးသွားပြည်သူများနှင့် ကုန်စည်များ ထိခိုက်ဆုံးရှုံးမှု ဖြစ်ပေါ်စေရေး အတွက်သာမက ပြည်သူလူထုအတွက် ရထားလမ်းစနစ်ပိုမိုကြံ့ခိုင် တောင့်တင်းလာအောင် စီစဉ် ဆောင်ရွက်နေသည့်  ဌာနပိုင်လမ်းခင်းကျောက်သယ်ဆောင်သည့် ရထားခရီးစဉ်များကိုပါ ယုတ်မာ ရက်စက်စွာ အကြိမ်ကြိမ်မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးမှုကျူးလွန်နေကြသည့် အကြမ်းဖက်အဖွဲ့များ အား ဒေသခံပြည်သူတစ်ရပ်လုံးမှ စက်ဆုပ်ရွံရှာပြီး ပြင်းထန်စွာ ဆန့်ကျင်ကန့်ကွက်ရှုတ်ချလျက်ရှိ ကြောင်း သတင်းရရှိသည်။