ရှမ်းပြည်နယ်(တောင်ပိုင်း)တောင်ကြီးမြို့၌ အကြမ်းဖက်သူများ ပြုလုပ်ထားရှိသည့် လက်လုပ်မိုင်း များအား သွားရောက်ရှင်းလင်းစဉ် ပေါက်ကွဲမှုဖြစ်ပွား၍ အမျိုးသား ၁ ဦးသေဆုံးကာ လုံခြုံရေး တပ်ဖွဲ့ဝင် ၂ ဦး ထိခိုက်ဒဏ်ရာရ

နေပြည်တော်၊ မေ ၂၁

ရှမ်းပြည်နယ်(တောင်ပိုင်း)တောင်ကြီးမြို့၌ အကြမ်းဖက်သူများ ပြုလုပ်ထားရှိသည့် လက်လုပ်မိုင်းများအား သွားရောက်ရှင်းလင်းစဉ် ပေါက်ကွဲမှုဖြစ်ပွား၍ အမျိုးသား ၁ ဦးသေဆုံးကာ လုံခြုံရေးတပ်ဖွဲ့ဝင် ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ မေလ ၂၀ ရက်နေ့ ည ၆ နာရီ ၅ မိနစ်အချိန်တွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၊ မြို့မဈေးအနီး၊ ဗိုလ်ချုပ်လမ်းနှင့် ကုန်သည်လမ်းထောင့်၌ မသင်္ကာဖွယ်အထုပ် ၁ ထုပ် တွေ့ရှိကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့မှ သွားရောက် စစ်ဆေးခဲ့ရာ အဆိုပါအထုပ်အား အမျိုးသမီး ၁ ဦး က ကောက်ယူရန်ပြုလုပ်နေသည်ကို တွေ့ရှိရသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက တားဆီး၍ အဆိုပါအမျိုးသမီးအား ဘေးလွတ်ရာသို့ ပို့ဆောင်ကာ အဆိုပါအထုပ်အား စစ်ဆေးရန်စဉ် ပေါက်ကွဲခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင် ၂ ဦး၏ ဝမ်းဗိုက်နှင့် ခြေထောက်တို့တွင် ပွန်းပဲ့ဒဏ်ရာများ (မစိုးရိမ်ရ) ရရှိခဲ့ပြီး အဆိုပါနေရာအနီးရှိသူ အမျိုးသား ၁ ဦး၏ မျက်နှာ၊ ယာလက်၊ ဝမ်းဗိုက်၊ ဝဲပေါင်တို့တွင် ပေါက်ပြဲဒဏ်ရာများ(စိုးရိမ်ရ) ရရှိခဲ့သဖြင့် ဆေးဝါးကုသမှုခံယူနိုင်ရေး တပ်မတော်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့စဉ် အဆိုပါအမျိုးသားမှာ ရရှိထား သော ဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ကြောင်း သိရသည်။

အထက်ပါဖြစ်စဉ်တွင် အကြမ်းဖက်မှုလုပ်ရပ်များကို ကျူးလွန်သူများအား ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိသည်။