ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဖယ်ခုံမြို့နယ်၊ မြို့တော်ခန်းမရှိ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံ ပေးနေသည့်နေရာအား စကောလောက်ပင်ဇောက်မနက်သည့် အကြံပက်စက်သူများက မိုင်းထောင်ဖောက်ခွဲ၍ အကြမ်းဖက်မှုလုပ်ဆောင်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဖယ်ခုံမြို့နယ်၊ မြို့တော်ခန်းမရှိ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံ ပေးနေသည့်နေရာအား စကောလောက်ပင်ဇောက်မနက်သည့် အကြံပက်စက်သူများက မိုင်းထောင်ဖောက်ခွဲ၍ အကြမ်းဖက်မှုလုပ်ဆောင်

 
နေပြည်တော်၊ ဩဂုတ် ၃

 
နိုင်ငံတော်မှ ပြည်သူလူထုအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုအား ကာကွယ်၊ ထိန်းချုပ်နိုင်ရေးအတွက် အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပြီး ကာကွယ်ရေးလုပ်ငန်းများတွင် အရေးအကြီးဆုံးဖြစ်သည့် ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းအား နိုင်ငံအဝှမ်းဆောင်ရွက်ပေးလျက်ရှိသည်။ ထိုကဲ့သို့ ပြည်သူလူထု၏ အသက်အိုးအိမ်ကို ကာကွယ်စောင့်ရှောက်နိုင်ရေး ဆောင်ရွက် ပေးနေမှုအပေါ် အကြမ်းဖက်အဖွဲ့များဖြစ်သည့် NUG၊ CRPH နှင့် ၎င်းတို့ကို ထောက်ခံသည့် အစွန်းရောက်များက စကောလောက်ပင်ဇောက် မနက်သည့် အကြံအစည်ဖြင့် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံမှု လုပ်ငန်းဆောင်ရွက်မှုများကို ပစ်မှတ်ထား၍ အကြမ်းဖက် တိုက်ခိုက်မှုများကို ဦးတည်လုပ်ဆောင်လျက်ရှိသည်။

 
ထိုသို့ဦးတည်တိုက်ခိုက်မှုများ ပြုလုပ်လျက်ရှိရာ ဩဂုတ်လ ၃ ရက် နေ့လည် ၁ နာရီ ၄၀ မိနစ်အချိန်တွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဖယ်ခုံမြို့နယ်၊ ညောင်ကုန်း(၄)ရပ်ကွက်ရှိ မြို့တော်ခန်းမ၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံမှုများ ဆောင်ရွက်ပေးနေစဉ် မြို့တော်ခန်းမရှေ့ ဝင်ပေါက် ဘယ်ဘက်ခြမ်းရှိ Flower Box အတွင်းမှ အစွန်းရောက်အကြမ်းဖက်သူများ ထောင်ထားသည့် လက်လုပ် Remote မိုင်း ၁ လုံးပေါက်ကွဲခဲ့ရာ မြို့တော်ခန်းမအတွင်း ကာကွယ် ဆေးထိုးနှံနေမှုအား လုံခြုံရေးဆောင်ရွက်ပေးလျက်ရှိသည့် ရဲတပ်သား ထွန်းလင်းဇော်တွင် မိုင်းစထိမှန် ဒဏ်ရာ များရရှိကျဆုံးခဲ့ပြီး ရဲတပ်သား အောင်လွင်ဖြိုးနှင့် ရဲဒုတပ်ကြပ် အောင်မျိုး တို့ တွင် ဒဏ်ရာများရရှိခဲ့သဖြင့် ဖယ်ခုံမြို့ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကုသစဉ် ညနေ ၃ နာရီ ၂၀ မိနစ် အချိန်တွင် ရဲတပ်သား အောင်လွင်ဖြိုးသည် ရရှိသောဒဏ်ရာများဖြင့် ထပ်မံကျဆုံးခဲ့သည်။ အလားတူ အဆိုပါ မိုင်းပေါက်ကွဲမှု ဖြစ်စဉ်ကြောင့် ကာကွယ်ဆေး လာရောက်ထိုးနှံလျက်ရှိသည့် ဒေါ်မူရိန်း(ဘ) ဦးတွက် နှင့် ကာကွယ်ဆေးထိုးနှံရေး လုပ်ငန်းများတွင် လာရောက်ကူညီဆောင်ရွက်ပေးနေသည့် စေတနာ့ဝန်ထမ်း ဦးနန္ဒဝေယံ(ဘ)ဦးမြင့်ဝင်း တို့တွင် မိုင်းစထိမှန် ဒဏ်ရာများ အသီးသီးရရှိခဲ့သဖြင့် ဖယ်ခုံမြို့ပြည်သူ့ဆေးရုံကြီးသို့ပို့ဆောင်ပေးခဲ့ပြီး လိုအပ်သည့် ဆေးကုသမှုများ ဆောင်ရွက် ပေးလျက်ရှိသည်။

 
အဆိုပါ ပြည်သူလူထု၏ အသက်အိုးအိမ်နှင့် ကာကွယ်ဆေးထိုးလုပ်ငန်း ဆောင်ရွက်နေမှုကို ပစ်မှတ်ထား၍ အကြမ်းဖက်ဗုံးဖောက်ခွဲသူအား ဖမ်းဆီးရမိရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက အပူတပြင်း ရှာဖွေဖော်ထုတ်လျက်ရှိကြောင်းနှင့် ပြည်သူများအနေဖြင့်လည်း မသင်္ကာဖွယ် အကြမ်းဖက်သမား၏ သတင်းရရှိပါက အချိန်နှင့်တပြေးညီ သက်ဆိုင်ရာသို့ သတင်းပေးပို့ကူညီကြပါရန် မေတ္တာရပ်ခံနှိုးဆော်ထားကြောင်း သတင်းရရှိိသည်။