ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့၊ ဗုဒ္ဓဥယျာဉ် ဝတ္ထုကံတော်အတွင်း တည်ထားကိုးကွယ်သည့် သတ္တသတ္တာဟ မဟာဗောဓိ စေတီတော်မြတ်ကြီး အထက်ဌာပနာတော်သွင်းလှူပူဇော်ခြင်း၊ ရွှေထီးတော် အထွတ်တင်အောင်ပွဲနှင့်  ဗုဒ္ဓါဘိသေက အနေကဇာတင် မဟာမင်္ဂလာ အခမ်းအနားကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့၊ ဗုဒ္ဓဥယျာဉ် ဝတ္ထုကံတော်အတွင်း တည်ထားကိုးကွယ်သည့် သတ္တသတ္တာဟ မဟာဗောဓိ စေတီတော်မြတ်ကြီး အထက်ဌာပနာတော်သွင်းလှူပူဇော်ခြင်း၊ ရွှေထီးတော် အထွတ်တင်အောင်ပွဲနှင့်  ဗုဒ္ဓါဘိသေက အနေကဇာတင် မဟာမင်္ဂလာ အခမ်းအနားကျင်းပ

နေပြည်တော်၊ မေ - ၁၃

        ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့၊ ဗုဒ္ဓဥယျာဉ် ဝတ္ထုကံတော်အတွင်း တည်ထားကိုးကွယ်သည့် သတ္တသတ္တာဟ မဟာဗောဓိ စေတီတော်မြတ်ကြီး အထက် ဌာပနာတော်သွင်းလှူပူဇော်ခြင်း၊ ရွှေထီးတော် အထွတ်တင်အောင်ပွဲနှင့် ဗုဒ္ဓါဘိသေက အနေကဇာတင် မဟာမင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ရာ နိုင်ငံတော်ဩဝါဒါ စရိယ သောဠသမ ရွှေကျင်သာသနာပိုင်ဆရာတော်၊ သီတဂူကမ္ဘာ့ဗုဒ္ဓ တက္ကသိုလ်များ၏ အဓိပတိ အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဒေါက်တာ ဘဒ္ဒန္တ ဉာဏိဿရ နှင့် ကျိုင်းတုံမြို့၊ သီလဓမ္မကုန်းသာတောရ ပဓာန နာယက အဂ္ဂမဟာသဒ္ဓမဇောတိကဓဇ ဘဒ္ဒန္တကောဝိဒ ဝစီပိတ်ဆရာတော်တို့ အမှူးပြုသည့် ဆရာတော်၊ သံဃာတော် အရှင်သူမြတ်များ ကြွရောက် ချီးမြှင့်တော် မူကြသည်။

အဆိုပါ အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဇနီးဒေါ်ကြူကြူလှ၊ ကောင်စီတွဲဖက် အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် ဇနီး၊ ကောင်စီဝင်များနှင့် ဇနီးများ၊ ပြည်ထောင်စုဝန်ကြီးများ၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ် ရုံးမှ တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဝတ်အသင်း အဖွဲ့များနှင့် ဒေသခံတိုင်းရင်းသားပြည်သူများ တက်ရောက်ကြသည်။

ဦးစွာ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီး၊ အခမ်းအနား တက်ရောက်လာကြသူများက သီတဂူဆရာတော်ဘုရားကြီးထံမှ ကိုးပါးသီလခံယူ ဆောက်တည်ကြပြီး ဥပါသကာ များက ပရိတ်ပန်း၊ ပရိတ် ရေ၊ ပရိတ်ချည်၊ ပရိတ်သဲ များကို သံဃာတော်များထံ ဆက်ကပ်သည်။ ၎င်းနောက် သံဃာတော်အရှင်သူမြတ်တို့ ရွတ်ပွားချီးမြှင့်တော်မူကြသည့် ပရိတ်တရားတော်များကို နာယူကြည်ညိုကြသည်။

ယင်းနောက် ဥပါသကာများက ပရိတ်ပန်း၊ ပရိတ်ရေ၊ ပရိတ်ချည်၊ ပရိတ်သဲ များကို ယူဆောင်၍ စေတီတော် ပရိဝုဏ်တော်တွင် ပက်ဖျန်းကြဲဖြန့်ချည်နှောင် တားဆီးကာရံကြသည်။

၎င်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးတို့က သဗ္ဗညုဘုရားရှင်အား ရည်မှန်းထား၍ ရတနာစိန်ဖူးတော်၊ ဌာပနာတော် တို့ကို သံဃာတော်များထံ သာဟတ္ထိကဒါနမြောက် လက်ရောက်ဆက်ကပ်ပူဇော်ပြီး ဆရာတော်ကြီးများအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။ ဆက်လက်ပြီး ကောင်စီတွဲဖက်အတွင်းရေးမှူး၊ ကောင်စီဝင်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့် အခမ်း အနား တက်ရောက်လာကြသူများက လှူဖွယ်ပစ္စည်းများအား သံဃာတော် အရှင် သူမြတ်များထံ ဆက်ကပ်လှူဒါန်းကြသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ဝစီပိတ်ဆရာတော်ကြီးထံသို့ ၂၀၂၃ ခုနှစ်၊ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်ဖြစ်သည့် အဂ္ဂမဟာသဒ္ဓမဇောတိကဓဇ ဘွဲ့တံဆိပ်တော်ကို ဆက်ကပ်ပူဇော်သည်။

ထို့နောက် သီတဂူဆရာတော်ဘုရားကြီးထံမှ အနုမောဒနာတရားနာယူ၍ လှူဒါန်းမှု အစုစုအတွက် ရေစက်သွန်းချအမျှပေးဝေကြသည်။ 

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က သတ္တသတ္တာဟ မဟာဗောဓိ စေတီတော်မြတ်ကြီး တည်ဆောက်ခဲ့သည့် ဗိသုကာ အင်ဂျင်နီယာပညာရှင်များအား ဂုဏ်ပြုငွေများပေးအပ်ချီးမြှင့်သည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် နှင့်ဇနီး၊ အဖွဲ့ဝင်များသည် ရတနာစိန်ဖူးတော်၊ ဌာပနာတော်နှင့် ရွှေထီးတော်ဘုံ အဆင့်ဆင့်တို့ကို မင်္ဂလာဝေါယာဉ်တော်ဖြင့် ပင့်ဆောင်၍ စေတီတော်မြတ်ကြီးအား လက်ယာရစ် လှည့်လည်ပူဇော်ကာ ကုသိုလ်တော်မဏ္ဍပ်တော်ကြီးရှေ့ရှိ ခေတ္တအပူဇော် ခံနေရာသို့ ပို့ဆောင်ကြသည်။

ထို့နောက် ဆရာတော်ကြီးများနှင့် ဘုရားဒါယကာများက အထက်ဌာပနာတော် တိုက်သို့ ကြွရောက်တော်မူကြပြီး မင်္ဂလာအချိန်တွင်  နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အထက်ဌာပနာတော်များကို သွင်းလှူပူဇော် ပြီး ပရိတ်နံ့သာရည်များဖြင့် ပက်ဖြန်းပူဇော်သည်။

ဆက်လက်ပြီး မင်္ဂလာအချိန်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံ တော်ဝန်ကြီးချုပ်၏ ဇနီးနှင့် အဖွဲ့ဝင်များ၊ အခမ်းအနား တက်ရောက်လာကြသူများနှင့် ဒေသခံတိုင်းရင်းသားပြည်သူလူထုတို့က မင်္ဂလာကြိုးဆွဲ၍ ရတနာစိန်ဖူးတော်၊ ရွှေထီး တော်ဘုံအဆင့်ဆင့်တို့အား မင်္ဂလာရထားပျံဖြင့် စေတီတော်အထွတ်သို့ ပင့်ဆောင် ကြသည်။ ၎င်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် နှင့် အဖွဲ့ဝင်များက ရတနာစိန်ဖူးတော်၊ ရွှေထီးတော်ဘုံအဆင့်ဆင့်တို့ကို စေတီတော် အထွတ်၌ တင်လှူပူဇော်၍ ပရိတ်နံ့သာရည်များ ပက်ဖျန်းကြသည်။ ထို့နောက် ရတနာ စိန်ဖူးတော်၊ ရွှေထီးတော်ဘုံအဆင့်ဆင့် တင်လှူပူဇော်အောင်မြင်ခြင်း အထိမ်းအမှတ် အဖြစ် ရတနာ ရွှေမိုး၊ ငွေမိုးများ ရွာသွန်းဖြိုးကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က သတ္တသတ္တာဟ မဟာဗောဓိ စေတီတော်မြတ်ကြီး လိုဏ်တော်အတွင်းရှိ မဟာဗောဓိ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ရွှေကြာသင်္ကန်း၊ မြသပိတ်ဆွမ်းတော်၊ သစ်သီး၊ ပန်းမန်၊ သောက်တော်ရေချမ်းများ ကပ်လှူပူဇော်သည်။

ဆက်လက်ပြီး သံဃာတော်အရှင်သူမြတ်များက သတ္တသတ္တာဟ မဟာဗောဓိ စေတီတော်မြတ်ကြီးအား ဗုဒ္ဓါဘိသေက အနေကဇာတင်၍ ဗုဒ္ဓါဘိသိတ် သွန်းတော်မူ ကြပြီး ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ မဟာမင်္ဂလာ အခမ်း အနားကို ရုတ်သိမ်းခဲ့သည်။ ထို့နောက် သီတဂူဆရာတော်ဘုရားကြီးက စေတီတော် မြတ်ကြီး ဧည့်သည်တော်မှတ်တမ်းတွင် မှတ်တမ်းတင်လက်မှတ်ရေးထိုးသည်။ ယင်းနောက် နိုင်ငံတော်စီမံအုပ်ချု်ပရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ဘုရားကြီးအတွက် အလှူတော်ငွေများပေးအပ်လှူဒါန်းရာ တာဝန်ရှိသူတစ်ဦးက လက်ခံရယူသည်။

ထို့နောက် သီတဂူဆရာတော်ဘုရားကြီးအမှူးပြု၍ သတ္တသတ္တာဟ မဟာဗောဓိ စေတီတော်မြတ်ကြီး ကမ္ပည်းမော်ကွန်းကျောက်စာများကို အမွှေးနံ့သာရည်များ ပက်ဖြန်းပူဇော်ကာ စေတီတော်မြတ်ကြီးရှိ ရွှေခေါင်းလောင်းတော်ကို ကိုးချက်ထိုးခတ် ပူဇော်သည်။

အခမ်းအနားအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့်ဇနီး၊ အခမ်းအနားတက်ရောက်လာကြသူများသည် ဆရာတော်၊ သံဃာ တော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းကြကာ တက်ရောက်လာကြသည့် ဧည့်သည် တော်များအား နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံကြသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် နှင့် အဖွဲ့ဝင်များသည်  သတ္တသတ္တာဟ မဟာဗောဓိစေတီတော်မြတ်ကြီးအား ဖူးမြော် ကြည်ညိုပြီး ဧည့်သည်တော်မှတ်တမ်းစာအုပ်တွင် မှတ်တမ်းတင် လက်မှတ်ရေးထိုး ပူဇော်ကြသည်။ ဆက်လက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် အနိမိသ သတ္တာဟ အနိမိသစေတီတော်နှင့် ဗုဒ္ဓ ဥယျာဉ်တော်အတွင်းရှိ အဘယရာဇမုနိ ရုပ်ပွားတော်မြတ်ကြီးတို့အား ဖူးမြော်ကြည် ညို ပြီး ပန်း၊ ရေချမ်း ကပ်လှူပူဇော်ကြသည်။

အဆိုပါ ကျိုင်းတုံမြို့ အရှေ့တောင်ဘက် ၁၅ မိုင်ခန့်အကွာ ပန်ကွဲကျေးရွာအနီးရှိ ဗုဒ္ဓဥယျာဉ်ပရိဝုဏ်တော်အတွင်း၌ အဘယရာဇမုနိ ရုပ်ပွားတော်မြတ်ကြီးကို ရှမ်း ပြည်နယ်(အရှေ့ပိုင်း) ဒေသအေးချမ်းသာယာမှုရှိစေရန်၊ ထေရဝါဒဗုဒ္ဓဘာသာ တည်တံ့ ခိုင်မြဲစေရန်နှင့် ပြည်တွင်း၊ ပြည်ပမှ ဘုရားဖူးများ လာရောက်ခြင်းဖြင့် ဒေသ ဖွံ့ဖြိုး တိုးတက်မှုကို အထောက်အကူဖြစ်စေရန် ရည်ရွယ်၍ ဦးစွာ တည်ထားကိုးကွယ်ခဲ့ခြင်း ဖြစ်ကြောင်း၊ ထို့နောက် ပြည်နယ်(အရှေ့ပိုင်း) ဒေသနှင့် အနီးဝန်းကျင်မှ ဒေသခံ တိုင်းရင်းသားပြည်သူများ၊ ပြည်တွင်း၊ ပြည်ပမှ ဘုရားဖူးများ အနေဖြင့် အိန္ဒိယနိုင်ငံ၊ ဗုဒ္ဓဂယာရှိ သတ္တ သတ္တာဟ မဟာဗောဓိစေတီတော်မြတ်ကြီးကို ဒေသအတွင်း၌ပင် ဖူး‌ မြော်နိုင်စေရန် ရည်ရွယ်၍ ယခုသတ္တသတ္တာဟ မဟာဗောဓိစေတီတော်မြတ်ကြီး ပုံစံတူ စေတီတော်ကြီးအား တည်ထားကိုးကွယ်နိုင်ရေး  ဝစီပိတ်ဆရာတော်ကြီး ကိုယ်တိုင် ဦးဆောင် ပဓာန ကမကထပြုကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် အမှူးပြုသည့် စေတနာရှင်အလှူရှင်များ၊ ဒေသခံတိုင်းရင်းသားပြည်သူများ ၏  စုပေါင်းလှူဒါန်းမှုများဖြင့် တည်ဆောက်ပူဇော်ပြီးစီးခဲ့ခြင်းဖြစ်ကြောင်းနှင့် ယနေ့တွင် ရတနာစိန်ဖူးတော် တင်လှူပူဇော်ပွဲနှင့် ဗုဒ္ဓါဘိသေက အနေကဇာတင် မဟာ မင်္ဂလာ အခမ်းအနားကို အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ခဲ့ခြင်းဖြစ်ကြောင်းသတင်းရရှိသည်။