ရှမ်းပြည်နယ်၊ မိုးဗြဲမြို့၌ လူစုလူဝေးဖြိုခွဲရှင်းလင်းစဉ် လုံခြုံရေးတပ်ဖွဲ့ဝင် ၃ ဦး ဒဏ်ရာရရှိကာ မော်တော်ယာဉ် ၄ စီး ထိခိုက်ပျက်စီး

ရှမ်းပြည်နယ်၊ မိုးဗြဲမြို့၌ လူစုလူဝေးဖြိုခွဲရှင်းလင်းစဉ် လုံခြုံရေးတပ်ဖွဲ့ဝင် ၃ ဦး ဒဏ်ရာရရှိကာ မော်တော်ယာဉ် ၄ စီး ထိခိုက်ပျက်စီး

နေပြည်တော်၊ မတ်လ ၁၄
    
၂၀၂၁ ခုနှစ်၊ မတ်လ ၁၄ ရက်နေ့ နံနက် ၉ နာရီခွဲ အချိန်ခန့်တွင် ရှမ်းပြည်နယ်၊ ဖယ်ခုံမြို့နယ် မိုးဗြဲမြို့၊ မိုးဗြဲ-ပီကင်းသွားကားလမ်းမပေါ်၌ ဦးဆောင်သူ(စိစစ်ဆဲ)၊ ဆူပူဆန္ဒပြသူအင်အား ၃၀၀ ဦး ခန့်သည် ကားလမ်းမအား ပိတ်ဆို့ကာ နိုင်ငံတော်ဆန့်ကျင်ရေး ကြွေးကြော်သံများ ကြွေးကြော်၍ ဆူပူအော်ဟစ်ဆန္ဒပြနေကြသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့က အခြေအနေ အား ဥပဒေနှင့်အညီ ထိန်းသိမ်းနိုင်ရေး သွားရောက်ဆောင်ရွက်ခဲ့ပါသည်။
    
လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့မှ အဆိုပါဆူပူဆန္ဒပြလူစုလူဝေးများအား လူစုခွဲရန် ညှိနှိုင်းဖြေလျော့ခဲ့သော်လည်း လိုက်နာမှုမရှိသည့်အပြင် လူအင်အား ၁၅၀ ဦးစီဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား ရှေ့နောက်ပိတ်ဆို့ဝန်းရံကာ အုတ်ခဲ၊ လေးခွတို့ဖြင့် အကြမ်းဖက် ရန်ပြုပစ်ခတ်ခဲ့သဖြင့် ဒုရဲမှူး သန်းလွင် ဝဲဘက်ခြေသလုံးပေါက်ပြဲ၊ ရဲတပ်သား မင်းသိန်းထွေး နဖူးထိမှန်ဒဏ်ရာ၊ ဒုတပ်ကြပ် ကျော်ဌေးနိုင် နဖူးပေါက်ပြဲဒဏ်ရာများရရှိခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့သုံး မော်တော်ယာဉ် ၄ စီးမှာ လေကာမှန်ကွဲ၊ ကားဘော်ဒီများ ပွန်းပဲ့ပျက်စီးခဲ့ရသဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်များမှ အဓိကရုဏ်း နှိမ်းနင်းရေးလုပ်ငန်းစဉ်များနှင့်အညီ ခြောက်လှန့်ပစ်ခတ်၍ လူစုခွဲခဲ့ရာ နေ့လည် ၁၂ နာရီအချိန်တွင် လူစုကွဲသွားခဲ့ကြောင်း သတင်းရရှိပါသည်။